မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သာသနိကအဆောက်အဦ နှင့် လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်

ပုသိမ်ကြီး၊ နိုဝင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ၊ ရေကြည်ကျေးရွာအုပ်စု၊ ရေတံခွန်တောင်ခြေတွင် ‌ယနေ့နံနက် ၄ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများဝင်ရောက်လာရာ သာသနိကအဆောက်အဦများ၊ လူနေအိမ်အချို့နှင့် လမ်းများ၊ ပျက်စီးမှုဖြစ်ပွားခဲ့ပြီး၊ မြို့နယ်အတွင်းရှိ စာသင်ကျောင်းအချို့တွင်လည်း မိုးရေများတင်ကျန်လျက်ရှိကြောင်း သိရသည်။

ရေတံခွန်တောင်ခြေရှိ အလယ်ဂူကျောင်း၊ မြောက်ဂူကျောင်း၊ သစ္စာဝေဒဂူကျောင်းအနီး အုတ်တံတိုင်းများ ပြိုကျခဲ့ပြီး၊ နေအိမ် (၂)လုံးမှာ ရေစီးထဲမျောပါပြီး၊ အချို့လူနေအိမ်များမှာ ရွံ့နွံများ ဝင်ရောက်ခဲ့ပါသည်။ ထို့အပြင် လမ်းဘေးသစ်ပင်အချို့ ပြိုလဲမှုများလည်း ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေမျိုးလင်းနှင့် တပ်ဖွဲ့ဝင်များ၊ မိုင်ကုန်းကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် စုစုပေါင်းအင်အား ၃၀ ခန့်မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ သွားရောက်ဆောင်ရွက်ပေးခဲ့ကြပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

ဇာနည်ကိုကို