မင်္ဂလာဒုံ မတ် ၁၉
နိုင်ငံ့တစ်ဝန်း လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်များအဖြစ် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်လျက်ရှိကြရာ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမျိုးသမီးကလေးများ သင်တန်းကျောင်း (ထောက်ကြန့်) ရှိ သင်တန်းခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်က အမှာစကားပြောကြားရာတွင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရိုးသားဖြောင့်မတ်ပြီး စာရိတ္တကောင်းမွန် အောင်ကြိုးစားကြရန်၊ လူတော်ဖြစ်ရုံသာမက စိတ်ကောင်း၊ နှလုံးကောင်းပြည့်ဝသော လူကောင်းများဖြစ်အောင်လည်း ကြိုးစားကြရန်၊ စိတ်ကောင်းရှိဖို့ ပထမဆိုသည့်အတိုင်း စိတ်ကောင်းရှိအောင်၊ စာရိတ္တကောင်းမွန်အောင် မိမိကိုယ့်ကိုယ် လေ့ကျင့်ပျိုးထောင်ကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် ဆက်လက်ဟောပြောခဲ့ရာတွင် လူငယ်များသည် နောင်တစ်ချိန်တွင် အနာဂတ်နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းပြီး နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်၍ မျိုးဆက်သစ်တို့ တိုးတက်ကြဖို့ ယခုအရွယ်မှစပြီး ဗလငါးတန်နှင့်ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများ၊ သက်မွေးဝမ်းကြောင်းများကို များများလေ့လာဆည်းပူးကြစေလိုပါကြောင်း၊ နွေရာသီအားလပ်ရက်ရှည် ကာလများတွင်လည်း ပြင်ပဗဟုသုတရရှိစေရန် သုတစာပေနှင့် ရသစာပေများ ဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ လက်တွေ့နယ်ပယ်တွင် မိမိတို့၏စာပေ၊ ဂီတ၊ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများကိုလည်း တစ်ဖက်တစ်လမ်းမှ မပျောက်ပျက်ရအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့လိုသကဲ့သို့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းပေးသွားနိုင်ဖို့လည်း အရေးကြီးပါကြောင်း၊ စာပေမြင့်မှ လူမျိုးဂုဏ်တင့်မှာဖြစ်သလို ယဉ်ကျေးမှုစံနှုန်းမြင့်မားလာလေလေ လူ့တန်ဖိုးပိုတက်လာလေလေဖြစ်ပါကြောင်း၊ လူ့တန်ဖိုးတက်လာခြင်းက လူ့ဘောင်အဖွဲ့အစည်းကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပါကြောင်း၊ ယနေ့လူငယ်များသည် Facebook အသုံးပြုရာတွင် အွန်လိုင်းမှာ ပျံ့နှံ့နေသည့် ကောလဟာလသတင်းတု၊ သတင်းမှားများကို အမှန်ထင်မှတ်ပြီး အတွေးမှား၊ အမြင်မှားတွေ ဝင်လာကြမှာကို စိုးရိမ်မိပါကြောင်း၊ စာဖတ်အားကောင်းပြီး အသိပညာဗဟုသုတနှင့် ပြည့်စုံနေမည်ဆိုပါက သတင်းအမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပြီး သတင်းတုမှန်း ချက်ချင်းသိနိုင်မှာဖြစ်ပါကြောင်း၊ ထိုသို့ လူတော်လူကောင်းများပေါ်ထွန်းပြီး မိမိနိုင်ငံနှင့် အမျိုး၊ဘာသာ၊ သာသနာကို တိုးတက်အောင်ဆောင်ရွက်နိုင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ပြည်ထောင်စုစိတ်ဓာတ်များ မွေးမြူပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် နိုင်ငံသားတိုင်းသည် နိုင်ငံတော်၏ အမျိုသားရေးတာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေး (၃) ပါးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပါကြောင်း စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောပေးခဲ့သည်။
ဆက်လက်၍ အမျိုးသမီးကလေးများ သင်တန်းကျောင်း (ထောက်ကြန့်) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာမြင့်က ကျေးဇူးတင်စကားပြောခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမျိုးသမီးများ အကြမ်းဖက်မှုနှင့် မှုခင်းကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ သုတရသစာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ပြီး (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ရခြင်းမှာ လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကလေးလူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား သိရှိလာစေရန်နှင့် စာအုပ်စာပေများကိုဖတ်ရှုကာ ပျော်မွေ့လာကြစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ဌေးလင်း