ကျောက်ဆည် မတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အင်တိုင်းကျေးရွာအုပ်စု၊ အင်တိုင်းစံပြကျေးရွာသည် ကျောက်ဆည်မြို့၏ အရှေ့ဘက် ရန်ကုန်-မန္တလေး ကားလမ်းဘေးတွင်တည်ရှိသော ကျေးရွာလေးတစ်ရွာဖြစ်ပါသည်။ အင်တိုင်းစံပြကျေးရွာတွင် အိမ်ခြေ(၅၇၆)အိမ်၊ အိမ်ထောင်စု (၆၈၆)စု၊ လူဦးရေ(၂၅၅၂)ဦး နေထိုင်ကြပြီး ကျောက်ဆည်မြို့နယ်အတွင်း နေထိုင်ကြသောကျေးရွာ ပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသော်လည်း အင်တိုင်းစံပြကျေးရွာရှိ ပြည်သူများသည် မိသားစုတစ်ပိုင်တစ်နိုင် မုန့်ခွေလိပ်လုပ်ငန်းကို ရှေးအစဉ်အလာမပျက် လုပ်ကိုင်ကြသည်ကို တွေ့ရသည်။
မုန့်ခွေလိပ်ပြုလုပ်မည်ဆိုပါက မစီးလွန်း၊ မကြမ်းလွန်းသောဆန်များကို ရွေးချယ်ပြီး မုန့်ခွေလိပ် ပြုလုပ်ကြရာ ဧရာပဒေသာဆန်ဖြင့်ပြုလုပ်သော မုန့်ခွေလိပ်များသည် ပိုမို၍စားကောင်းပါသည်။ မုန့်ခွေလိပ်ပြုလုပ်သောအခါ ဆန်ကွဲ(၁)ပြည်လျှင် ငွေကျပ်သုံးထောင်ဖြင့်ဝယ်ယူရပြီး နာရီဝက်ခန့် အကြာရေစိမ်ပေးရပါသည်။ ဆန်ကွဲများပွလာပါက ရေဖြင့်ပွတ်တိုက်ဆေးကြောပြီး ရေစစ်ထားရပါ သည်။ ရေစစ်ပြီးပါက နာရီဝက်ခန့်အကြာနေလှန်းကာ အမှုန့်ကြိတ်စက်ဖြင့် ဆန်မှုန့်များကြိတ်ခွဲ၍ ရရှိလာသော ဆန်မှုန့်များကို ရေနွေးပွက်ပွက်ဆူထဲထည့်ကာ စီးပိုင်အောင်နယ်ပြီး (၂၅)ကျပ်သားခန့် အတုံးလေးများ ပြုလုပ်ရသည်။
ထို့နောက် မုန့်ပေါင်းအိုး၌ထည့်၍ပေါင်းရပြီး ချွေးဓာတ်နည်းသွားသောအခါ ဆယ်ယူကာ မောင်းဖြင့် စီးပိုင်အောင်ထောင်းပေးရပါသည်။ ဆန်မှုန့်များထောင်းပြီးလျှင် မုန့်တောင့်လေးများပြုလုပ်ကာ မုန့်ဖတ်များ ဖြစ်အောင် စနစ်တကျ ပုံဖော်ပြုလုပ်ထားသော မုန့်လိပ်တန်ဖြင့်မုန့်များကို လိပ်ပေးပါကသန့်ရှင်း၍ စားချင်စဖွယ် မုန့်ခွေလိပ်များရရှိလာပါသည်။ ထို့အပြင်ရောင်းချခါနီးအချိန် မုန့်များ နူးအိလာသည်အထိ ရေနွေးပေါင်းအိုးဖြင့် ပေါင်းပေးရပါသည်။ မုန့်များပေါင်းပြီးပါက ပြန်လည်ဆယ်ယူ၍ စားတော်ပဲပြုတ်ဖြင့် တွဲဖက်ရောင်းချပေးကြပါသည်။
မုန့်ခွေလိပ်ပြုလုပ်ရန် ဆန်မှုန့်များရဖို့ အင်တိုင်းစံပြကျေးရွာတွင် မှုန့်ကြိတ်စက်(၃)လုံး ရှိသောကြောင့် ကျေးရွာပြည်သူများမှ အလှည့်ကျမုန့်များကြိတ်ရန်အပ်နှံရပါသည်။ အဆိုပါ မုန့်ကြိတ်စက် ဖြင့် ဆန်မုန့်များကြိတ်ပါက ဆန်ကွဲတစ်ပြည်လျှင် လျှပ်စစ်မီးအသုံးပြုဆောင်ရွက်ပါက ငွေကျပ်နှစ်ရာနှင့် ဒီဇယ်ဖြင့်မောင်း၍ ဆန်မှုန့်များကြိတ်ရပါက ငွေကျပ်လေးရာပေး၍ ဆောင်ရွက်ရသည်။
အင်တိုင်းစံပြကျေးရွာရှိ ပြည်သူများသည် မုန့်ခွေလိပ်ပြုလုပ်ပြီး နေ့စဉ်ကျောက်ဆည်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများသို့ စက်ဘီးဖြင့်သော်လည်းကောင်း၊ မော်တော်ဆိုင်ကယ်ဖြင့် လည်းကြောင်း၊ ခြေလျင် ဖြင့်လည်းကောင်းသွားရောက်ကာနေ့စဉ်ရောင်းချကြပါသည်။
“ကျွန်တော်တို့ အိမ်မှာဆိုရင် မိသားစု(၃)ဦးက နံနက် ၈ နာရီဆိုရင် နေ့တိုင်း မုန့်ခွေလိပ်ပြုလုပ်ဖို့ ဆန်ကွဲများရေစိမ်ထားရပါတယ်။ နေ့လယ်ခင်း အားလပ်တဲ့အချိန် သမီးဖြစ်သူ မမေသက်ခိုင်ဇာက စက်ချုပ်လုပ်ငန်းလုပ်ကိုင်ပါတယ်။ ဇနီးဖြစ်သူ ဒေါ်မြဝင်းနဲ့ကျွန်တော်က နေ့ခင်းအားနေတဲ့အချိန် တွေမှာ အိမ်မှုကိစ္စများသာ လုပ်ကိုင်ကြပါတယ်။ ညနေ ၁၅ နာရီရောက်မှမိသားစု(၃)ဦးအတူ မုန့်ခွေ လိပ်လုပ်ငန်း လုပ်ကိုင်ကြပါတယ်။ မုန့်ခွေလိပ်ပြုလုပ်တဲ့အခါမှာ ဆန်ကွဲတစ်ပြည်ကို မိသားစု(၃)ဦး အတူပြုလုပ်ရင် (၁)နာရီဘဲ ကြာပါတယ်။ နေ့စဉ်မနက် (၄) နာရီခွဲဆိုရင် အိပ်ယာကနိုးထကြပြီး အသင့်ပြုလုပ်ထားပြီးဖြစ်တဲ့ မုန့်ခွေလိပ်တွေကို ပေါင်းအိုးနဲ့ပြန်ပေါင်းရပါတယ်။ မနက် (၆)နာရီ ဆိုရင် အားလုံးပြီးစီးတာမို့ လိုက်လံရောင်းချပါတယ်။
တချို့က တစ်နေ့မှာ (၂)ကြိမ်ပြုလုပ်ပြီး နေ့လည်(၁၃:၀၀)နာရီဆိုရင် ဒုတိယတစ်ကြိမ် ပြန်လည်ရောင်းချကြပါတယ်။ မုန့်ခွေလိပ်တင်မကပါဘူး ကျွန်တော်တို့ ကောက်ညင်းပေါင်း၊ အကြော်စုံတို့ကို လဲ တွဲဖက်ရောင်းချကြပါတယ်။ မှုန့်ခွေလိပ်ပြုလုပ်ဖို့ ဆန်ကွဲတစ်ပြည်ငွေကျပ် သုံးထောင်၊ ငါးချိပ် တစ်ပြည် ငွေကျပ် ခြောက်ထောင်၊ ကောက်ညှင်းတစ်ပြည်ငွေကျပ်ခြောက်ထောင်ငါးရာ၊ စားတော်ပဲ တစ်ပြည် ငွေကျပ် ခြောက် ထောင်ငါးရာ၊ မုန့်ကြိတ်ခငွေကျပ်လေးရာ စုစုပေါင်းကုန်ကျငွေကျပ် နှစ်သောင်းနှစ်ထောင်လေးရာ အရင်းအနှီးရှိရင် ငွေကျပ်သုံးထောင်၊ ငါးထောင်ကျော်ပြန်ရပါတယ် မိသားစုအရင်းအနှီးနည်းနည်းနဲ့ အိမ်လုပ်ငန်း ခွင်မပျက် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဖြစ်တယ်၊ နေ့စဉ်ဝင်ငွေရရှိတာမို့ ကျွန်တော်တို့ မိသားစုသာ မကပါဘူး၊ အင်တိုင်းစံပြကျေးရွာ ပြည်သူများအတွက် အချိန်ပိုင်းလေးနဲ့အပန်းမကြီးဘဲ နေရိပ်မှာထိုင်လုပ်နေရပြီး အကျိုးအမြတ်များ တာမို့ အဆင်ပြေကြတာပါ။
မုန့်ခွေလိပ်များကို ပဲပြုတ်၊ နံပြား၊ ငါးချိပ်ပေါင်း၊ နှမ်းဖြူးကာ တွဲဖက်စားသုံးကြပြီး ဆန်မှုန့်များကို မုန့်ခွေလိပ်ပြုလုပ်တဲ့ခါ နှစ်ခါပေါင်းပေါင်းထားတာမို့ မုန့်၏ကျစ်လစ်မှုသိပ်သီးမှုများပါတယ် အခြေခံလူတန်းစားတွေအတွက် သင့်တော်သော အစားအစာဖြစ်ပါသည်။ ငွေကျပ်နှစ်ရာ၊ ငွေကျပ်ငါးရာဖိုးဖြင့် နံနက်မှာ ဝယ်ယူစားသုံးကြပြီး လုပ်ငန်းခွင်ကိုအဆင်ပြေစွာသွားရောက်လုပ်ကိုင်နိုင်ကြပါတယ်။ ကျေးရွာ ပြည်သူများအချိန်ပိုင်းနဲ့ မုန့်ခွေလိပ်လုပ်ငန်းကို မိသားစုတစ်ပိုင်တစ်နိုင်စီးပွားရေးအဖြစ် မပူမပင် လုပ်ကိုင်ကြပါတယ်။ သန့်ရှင်းသန့်ရပ်စွာမုန်ခွေလိပ်များပြုလုပ်ပါတယ်၊ မိသားစုသက် တောင့်သက်သာ အလုပ်လုပ်ကြရပြီး နေ့စဉ်ဝင်ငွေရတာမို့ အဆင်ပြေကြပါတယ်လို့ ကုသိုလ် ကောင်းမှုများလည်း များများလုပ်နိုင်ကြပါတယ်လို့ အင်တိုင်းစံပြကျေးရွာမှ မုန့်ခွေလိပ်လုပ်ငန်း လုပ်ကိုင်နေသူ ဦးကျော်ထူး’’က ပြောပြ၍သိရပါတယ်။
ခရိုင်(ပြန်/ဆက်)