ပူတာအို မတ် ၁၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ကျောင်းသားကျောင်းသူများ အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ စာဖတ်စွမ်းရည်များမြင့်မားလာစေရန်နှင့် ဖတ်မှတ်လေ့လာသည့် အလေ့အကျင့်များရရှိလာစေရန်အတွက် ဟောပြောပွဲ၊စာဖတ်စွမ်းရည်၊ ကဗျာရွတ်နှင့်ပန်းချီပြိုင်ပွဲကို မတ် (၁၈) ရက် နံနက် (၁၀) နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အကျယ်တဝင့်အသိပညာပေးဟောပြောပြီး ဆက်လက်၍ ပြိုင်ပွဲစတင်နိုင်ရန်အတွက် ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပန်းချီပြိုင်ပွဲတွင် အခြေခံပညာမူလတန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား/သူ(၂၂) ဦးတို့က စိတ်ကြိုက်ပန်းချီဖြင့်လည်းကောင်း၊ကဗျာရွတ်ဆိုပြိုင်ပွဲတွင် အခြေခံပညာမူလတန်းအဆင့် ကျောင်း သား/သူ (၁၄) ဦးတို့က စိတ်ကြိုက်ကဗျာများဖြင့်လည်းကောင်း၊စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/သူ (၁၄) ဦးတို့က (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်မှ “အမျိုးသားအကျိုးစီးပွားအတွက် ထမ်းဆောင်”ခေါင်းစဉ်ဖြင့်လည်းကောင်းယှဉ် ပြိုင်ကြရာ ပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယဆုရ ကျောင်းသား/သူများအား ခရိုင်ဦးစီးမှူးနှင့်အမှတ်ပေးဒိုင် ဆရာမများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသည့် ဆရာမများနှင့်ကျောင်းသား/သူများက အေးချမ်းသာ ယာပြည်မြန်မာဓာတ်ပုံပြပွဲ၊ မူးယစ်ဆေးဝါးအသိပညာပေး၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်များနှင့် စာအုပ်စာစောင်ပြပွဲများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)