အခြေခံပညာမူလတန်းဆင့်သင် လုပ်ငန်းဝင်စ ဆရာ၊ ဆရာမများ စွမ်းရည်မြင့်မားရေး(ခရိုင်အဆင့်)ဆွေးနွေးပွဲ ကျင်းပ

ပျဉ်းမနား မတ် ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၌ အခြေခံပညာမူလတန်းဆင့်သင် လုပ်ငန်းဝင်စ ဆရာ၊ ဆရာမများ စွမ်းရည်မြင့်မားရေး (ခရိုင်အဆင့်)ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အမှတ်-၃ အခြေခံပညာအထက်တန်းကျောင်း(ပျဉ်းမနား)၌ ကျင်းပခဲ့ရာ ပျဉ်းမနားခရိုင်ပညာရေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် အဖွဲ့ဝင်များ၊ ပျဉ်းမနားခရိုင်အတွင်းရှိ အခြေခံပညာမူလတန်းဆင့်သင် လုပ်ငန်းဝင်စ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပျဉ်းမနားခရိုင်ပညာရေးမှူး ဒေါ်ဝင်းဝင်းအေးက အမျိုးသားပညာရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စွမ်းရည်မြင့်မာရေးဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ အမျိုးသားပညာရေးဥပဒေတွင် ဆရာ၊ ဆရာမများအားလုံး အရည်အသွေးရှိရန် လိုအပ်သည်ဟု ပြဋ္ဌာန်းထားသဖြင့် ဆရာ၊ ဆရာများအနေ့ဖြင့် တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်နှင့်ပြည်စုံသည့် နိုင်ငံသားကောင်းများဖြစ်ထွန်းရေးကို ဦးတည်လေ့ကျင့်သင်ကြားပေးရန်ပေးရန်၊ ဆရာများ၏ သင်ကြားမှုအရည်အချင်းသည် ပညာရေးအရည်အသွေးကို ဆုံးဖြတ်ပေးသကဲ့သို့ ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေမြဲရေး၊ ပညာရေးဆိုင်ရာ ရလဒ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်ပင်အရေးပါကြောင်း၊ လုပ်ငန်းခွင်သို့ ရောက်ရှိနေသော ဆရာ၊ ဆရာမများက သင်ယူသူ ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူမှုတိုးတက်ရေးကို ဆောင်ရွက်နိုင်စေရန် အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှု၊ စိတ်နေသဘောထားနှင့် အတွေ့အကြုံများ ရရှိစေရန်အတွက် ဆရာအတတ်ပညာများအား စဉ်ဆက်မပြတ် လေ့လာသင်ယူကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပျဉ်းမနားခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်စိုးက သင်တန်းဆိုင်ရာ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခြေခံပညာမူလတန်းဆင့်သင်လုပ်ငန်းဝင်စ ဆရာ၊ ဆရာမများ စွမ်းရည်မြင့်မားရေး(ခရိုင်အဆင့်)ဆွေးနွေးပွဲကို မတ်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ၊ နည်းပြ ဆရာ၊ ဆရာမ ၁၆ ဦး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၂၇ ဦးဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)