လားရှိုး မတ်လ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(လားရှိုး)ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှင်းလင်းဆွေးနွေးပွဲတွင် လားရှိုးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားရာ ပြည်သူ့စစ်မှုထမ်းဥပဒေကို မြန်မာနိုင်ငံတစ်နိုင်ငံတည်းတွင်သာ ပြဋ္ဌာန်းခြင်းမဟုတ်ဘဲ အခြားကမ္ဘာ့နိုင်ငံ အများအပြားတွင်လည်း ပြဋ္ဌာန်းထားပြီး ကျင့်သုံးနေသည်ကို လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်း၊ အမျိုးသားစစ်မှုထမ်းစနစ်သည် နိုင်ငံတော်လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်ဆောင်ရွက်ရမည့် (Long Term Plan) ဖြစ်သည်နှင့်အညီ နိုင်ငံတော်၏စီးပွားရေးစွမ်းအား (Economic Might)၊ ကာကွယ်ရေးစွမ်းအား(Military Might)တို့ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်ပတ်သက်သည့် သိကောင်းစရာများအကြောင်းကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် ပတ်သက်သည့် မရှင်းလင်းသည့်အချက်များ၊ သိရှိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် သိကောင်းစရာများအကြောင်း လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ လုပ်ငန်းရှင်များ၊ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး )