ပင်းတယမြို့နယ်တွင် ဒေသထွက်ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းနေ၍ တောင်သူများ အခက်တွေ့

ပင်းတယ မတ် ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ်လုပ်ကိုင်ကြပြီး ဒေသနှင့်ကိုက်ညီသည့် သီးနှံများကို ရာသီအလိုက်စိုက်ပျိုးရောင်းချကြရာ ယခုအချိန်တွင် ထွက်ရှိသည့် ခရမ်းချဉ်သီးများ ယခင်ထက်ဈေးနှုန်းကျဆင်းနေ၍ အခက်တွေ့နေရကြောင်း သိရသည်။

 “အခုချိန်က နွေရာသီဖြစ်တာကြောင့် ခရမ်းချဉ်သီးမျိုးစေ့တွေပျိုးအိတ်နဲ့ မြေဆွေးတွေထည့်ပြီးတော့ ပျိုးရပါတယ်၊ ပျိုးထားပြီးလို့ ရက်ပေါင်း(၂၀)လောက်ဆို ခရမ်းချဉ်သီးပျိုးပင်များကို စိုက်ပျိုးဖို့အသင့်ပြုလုပ်ထားတဲ့ ဘောင်ပေါ်မှာ တစ်ပေခြားစိုက်ပျိုးကာ နေ့စဉ်ရေသွင်း၍ (၃)ရက်ခြားတစ်ကြိမ် မြေဩဇာများထည့်ပေးရပါတယ်၊ စိုက်ပျိုးပြီးလို့ တစ်လလောက်ကြာရင်တော့ အသီးများ စတင်သီးလာပြီဖြစ်တာကြောင့် မလိုအပ်တဲ့အကိုင်းအခက်တွေကို ဖယ်ရှားပေးရပါတယ် အသီးတွေ စတင်ရင့်မှည့်လာရင်တော့ တစ်ပတ်ခြားတစ်ကြိမ် ခူးဆွတ်ရောင်းချရပါတယ်၊ မတ်လပထမအပတ်တုန်းက ပထမတစ်ကြိမ်ခူးဆွတ်ရောင်းချတာ ပီနံအိတ်တစ်အိတ်ကို ငွေကျပ်တစ်သောင်းရရှိခဲ့ပြီး ယခုဒုတိယအကြိမ် ခူးဆွတ်ရောင်းချရာမှာတော့ တစ်အိတ်ကို သုံးထောင်ကျပ်မှ လေးထောင်ကျပ် အထိပဲရတော့ ကျွန်တော်တို့ခရမ်းချဉ်သီးစိုက်တဲ့ တောင်သူတွေအရှုံးပေါ်ပြီး အခက်တွေ့နေကြရပါတယ်”ဟု ရေဖြူကျေးရွာမှ ခရမ်းချဉ်သီးစိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောကြားသည်။

ပင်းတယမြို့နယ်အတွင်းရှိ တောင်သူများသည် ဘိုးဘွားပိုင်တောင်ယာ၊ လယ်ယာမြေများတွင် ရာသီအလိုက်သီးနှံများကို စိုက်ပျိုးရောင်းချ၍ အသက်မွေးဝမ်းကျောင်းပြုကြရာ မိုးဦးရာသီ၌ တောင်ယာမြေများပေါ်တွင် စိုက်ပျိုးရောင်းချကြပြီး နွေရာသီတွင် ဇော်ဂျီချောင်းအနီးပတ်ဝန်းကျင်ရှိ လယ်ယာမြေများတွင် ရေသွင်းစိုက်ပျိုး၍ ရောင်းချကြရာ ယခုအချိန်တွင်ထွက်ရှိသည့် ခရမ်းချဉ်သီးများ ယခင်ထက်ဈေးနှုန်းကျဆင်းနေ၍ စိုက်ပျိုးသည့် တောင်သူများ အခက်တွေ့နေကြရကြောင်း သိရသည်။

ရဲထက်ဦး(ပင်းတယ)