လှည်းကူး မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြကုန်သော ရဟန်း၊ ရှင်၊ လူပြည်သူအများ အန္တရာယ်ကင်းပျောက်ချမ်းသာရောက်၍ ကောင်းကျိုးမင်္ဂလာအဖြာဖြာ ပြည့်စုံပြီး နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မဟာအတုလသကျမာန်အောင်ဆုတောင်းပြည့် ငါးထပ်ကြီးမြတ်စွာဘုရားတွင် ဥပ္ပါတသန္တိသုတ်တော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ဦးစွာအခမ်းအနားကို နမေတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော် ဘဒ္ဒန္တသြဘာသမှစိန်ရောင်ခြည်ဂါထာတော်ဖြင့် ဘုရားပင့်ဖိတ်ပြီး ဥပ္ပါတသန္တိသုတ်တော်ကို နာကြားနိုင်ရန်အတွက် အောင်ချမ်းသာဆရာတော် ဘဒ္ဒန္တပညာဝရမှ သမ်မာဒေဝနတ်ဗြဟ္မာအပေါင်းတို့ကို ဖိတ်ကြားခဲ့ကြသည်။
ဆက်လက်၍ သာသနာ့ရိပ်သာရပ်ကွက်၊ နိဗ္ဗာန်ဆိပ်ဦး မဟာစည်ရိပ်သာဆရာတော် ဘဒ္ဒန္တဓမ္မာလင်္ကာရထံမှ အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်များနှင့် ပရိတ်သတ်အပေါင်းတို့ကလည်း ဣတိပိသောအစချီသော ရတနာမြတ်သုံးပါး ဂုဏ်တော်တို့ကို ရွတ်ဖတ်ပူဇော်၍ သံဃာတော်များမှ ဥပ္ပါတသန္တိသုတ်တော်ကို အလှည့်ကျဆက်လက်ကာ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်းလည်း သိရသည်။
ဥပ္ပါတသန္တိသုတ်တော် ရွတ်ဖတ်ပူဇော်ပွဲကို မတ်လ (၁၉) ရက်နေ့မှ မတ်လ (၂၁) ရက်နေ့အထိ မဟာအတုလသကျမာန်အောင် ဆုတောင်းပြည့်ငါးထပ်ကြီး မြတ်စွာဘုရားတွင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)