ကျောက်တန်း နိုဝင်ဘာ ၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ ယာယီဆေးကုသရေးစင်တာ (ရွှေမှော်ဝန်းသာသနာ့ ဗိမာန်) တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်ပိုးတွေ့လူနာ(၂၉) ဦး ကျန်းမာရေးကောင်းမွန်လာ၍ ယနေ့မွန်းလွဲပိုင်းက ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။
ထိုသို့ ဆေးရုံဆင်းခွင့်ရရှိသူများအား ကျောက်တန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မို့မို့ခိုင် က ကျန်းမာရေးဆိုင်ရာ အသိပညာများနှင့် မိမိတို့နေအိမ်သို့ ရောက်သောအခါတွင်လည်း နေအိမ်တွင် Stay at Home (၇) ရက်ကြာနေထိုင်ရေး စည်းကမ်းချက်များ ဆွေးနွေးမှာကြားပြီး ဆေးရုံဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဆေးရုံဆင်းခွင့်ရရှိ ကျား(၁၃) ဦးနှင့် မ (၁၆) ဦး ၊စုစုပေါင်း (၂၉) ဦးကို ကျောက်တန်းမြို့နယ်လုံး ဆိုင်ရာ ပရဟိတအဖွဲ့မှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများက ၎င်းတို့၏နေရပ်များအထိ လိုက်လံပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် ယာယီဆေးကုသရေးစင်တာ (၁) ခု၊ စောင့်ကြည့်ရေးစခန်း (၁)ခုရှိပြီး လက်ရှိ အချိန်ထိ ပိုးတွေ့ အတည်ပြုလူနာ (၃၁၉) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၂၁၆) ဦး၊ ဆေးကုသမှုခံယူနေသူ(၉၈ ) ဦးနှင့် သေဆုံးသူ (၅) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)