ဒဂုံ မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းတွင်း ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကဒ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်း၊ ဆွေးနွေးမှုသင်တန်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပခဲ့ရာ ဒဂုံမြို့နယ်ပညာရေးမှူး ဒေါ်ဝါဝါဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းကျန်းမာရေးလုပ်ငန်းစဥ် (၉) ရပ်ကို အကျယ်တဝန့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းသူဆရာမ (၂၀) ဦးအား နည်းပြဆရာမများမှ Pre-test ပြုလုပ်ခြင်းနှင့် ဦးစီးအရာရှိ ဒေါ်ခင်ပပစိုး မှကျောင်းကျန်းမာရေးလုပ်ငန်းစဥ်များကို သင်ကြားပို့ချခြင်း၊ (နည်းပြ) ဒေါ်အိအိသိန်းမှ ကျောင်းကျန်းမာရေးမှတ်တမ်းကဒ်ဖြည့်သွင်းခြင်း လုပ်ငန်းဆိုင်ရာသုံးသပ်ချက်များ အားပို့ချခြင်း၊ (နည်းပြ) ဒေါ်နီလာဝင်းမောင်မှ ကျောင်းကျန်းမာရေးလုပ်ငန်း စဥ်များနှင့်ပတ်သက်၍ မိမိတို့ကျောင်းတွင်း ဆောင်ရွက်ချက်များအား အပြန်အလှန်ဆွေးနွေးခြင်း၊ (နည်းပြ) ဒေါ်အေးအေးသင်းမှ ကျောင်းကျန်းမာရေး မှတ်တမ်းဖြည့်သွင်းခြင်း လုပ်ငန်းအမှတ်စဥ် (၁) မှ (၄) အထိ ဆွေးနွေးခဲ့ကြသည်။
အဆိုပါကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကဒ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဆွေးနွေးမှု သင်တန်းကာလ (၂) ရက်တာ သင်တန်းပို့ချသွားမည်ဖြစ်ပြီး သင်တန်းသူ (၂၀) ဦး တက်ရောက်ကြပြီး ကျန်းမာရေးဦးစီးဌာနမှ နည်းပြဆရာမများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
မိုးမိုးခိုင် (ပြန်/ဆက်)