နေပြည်တော် မတ် ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် နယ်မြေမီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များနှင့် ယာဉ်/စက်ပစ္စည်းကိရိယာများ သရုပ်ပြသခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ပျဉ်းမနားခရိုင် မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူးများ၊ မီးသတ်ဦးစီးဌာနမှ အရာရှိကြီးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးထံ နေပြည်တော်တိုင်းမီးသတ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး၊ ဦးမြတ်သီဟက နေပြည်တော်အတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် နယ်မြေမီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များ တန်းအပ်သတင်းပို့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် မီးသတ်ဦးစီးဌာနသည် ပြည်သူလူထုအား မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်နှင့် အခြားမတော်တဆမှုများ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ပေးလျက်ရှိသော ဌာနဖြစ်သည်နှင့်အညီ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးလောင်မှုကြီးများ မပေါ်ပေါက်စေရေးအတွက် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ခရိုင်၊ မြို့နယ်စခန်းများရှိ တပ်ဖွဲ့ဝင်များနှင့် မီးငြိမ်းသတ်ရေးပစ္စည်းကိရိယာများ၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ အသင့်ရှိစေရေး၊ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချတတ်စေရေးတို့ကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေးကို ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာသည့် အခြေအနေများနှင့်အညီ အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်ကိုယ်တွယ်ဖြေရှင်းနိုင်ရေး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို လက်ရှိအခြေအနေများနှင့် နောင်ဖြစ်တည်လာမည့် အနာဂတ်ကာလကို မျှော်မှန်းပြီး အသွင်သဏ္ဍာန်နှင့် အနှစ်သာရပိုင်းကို ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့ကို Men Power ၊ Equipment Power နှင့် Technology Power များကို ဟန်ချက်ညီအောင် တည်ဆောက်သွားရမှာဖြစ်ကြောင်း၊ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများ တိုးတက်ပြောင်းလဲလာသည်နှင့်အတူ နည်းပညာ၊ လုပ်နည်းစနစ်များ ယှဉ်တွဲလိုက်ပါ ပြောင်းလဲလာခြင်းကြောင့် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ခေတ်နှင့်အညီ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်အတွက် ထိရောက်ထက်မြက်သည် စွမ်းဆောင်ရည်များပြည့်ဝအောင် ဆည်းပူးလေ့လာပြီး လေ့ကျင့်မှုမပြတ်ဆောင်ရွက်ထားကြဖို့ လိုအပ်ပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေးစသည့် သဘာဝဘေးအန္တရာယ်များနှင့် ရုတ်တရက်ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များ ဖြစ်ပွားကြုံတွေ့ရပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် အကောင်အထည်ဖော် တုံ့ပြန်ဆောင်ရွက်နိုင်ရန် နည်းပညာများ၊ လူအင်အား၊ စက်ယန္တရားများ၊ ပစ္စည်းကိရိယာများပြင်ဆင်ထားရှိခြင်း၊ မြို့နယ်အလိုက်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းလေ့ကျင့်ခြင်း၊ မိမိတို့စွမ်းအားစုများကို အမြဲအသင့်ဖြစ်စေရေးအတွက် စီမံဆောင်ရွက်ထားစေလိုကြောင်း၊ မီးလောင်မှုနှင့် မတော်တဆဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ရန်နိုင် တပ်ဖွဲ့ဝင်များ၏ မီးငြှိမ်းသတ်ရေးစွမ်ရည်နှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များတိုးတက်မြှင့်မားစေရေးအတွက် စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားခရိုင်မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းမင်းထိုက် ဦးဆောင်သော မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးစွမ်းရည်များ သရုပ်ပြသခြင်ကို ကြည့်ရှုအားပေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုငွေကျပ် ၁၀ သိန်း ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် မီးသတ်ယာဉ်/စက်ပစ္စည်းကိရိယာများ၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်း ကိရိယာများအား ကြည့်ရှုစစ်ဆေးရာ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်း အသုံးပြုပုံများအား ရှင်းလင်းပြသပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှားကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)