နေပြည်တော် မတ် ၁၉
နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂ဝ၂၄) ကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ ကော်မတီအတွင်းရေးမှူး၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ကလေးအလုပ်သမားများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ပညာရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံခြင်း၊ ကျွမ်းကျင်မှုနှင့် အလုပ်အကိုင်ရရှိမှု မြှင့်တင်ပေးခြင်း၊ လူငယ်များ အလုပ်အကိုင်ရရှိရေး အလေးထားဆောင်ရွက်ပေးခြင်း၊ ဘေးကင်းသော ရွှေ့ပြောင်းလုပ်ကိုင်ခြင်းတို့နှင့်ပတ်သက်ပြီး အရေးကြီးသည့် မူဝါဒများနှင့် လူမှုစီးပွား ဦးစားပေးမှုများအဖြစ် သတ်မှတ်ဆောင်ရွက် သွားရမှာဖြစ်ပါကြောင်း၊ ကလေးသူငယ်များကို လုပ်ငန်းခွင်၌ ဆောလျင်စွာ အသုံးချပါက ကလေးသူငယ်များ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အရေးများဆုံးရှုံးနိုင်ပြီး တန်ဖိုးရှိသော လူငယ်လူရွယ်ဖြစ်မည်ကို အဟန့်အတား ဖြစ်စေသည့် အပြင် အလုပ်သမား အသုံးပြုခြင်းသည် နိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်များကို ဆုံးရှုံးစေသော အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း၊ ကလေးများကို ပိုမိုကာကွယ်ပေးနိုင်ရန်နှင့် လူမှုတရားမျှတမှုကို မြှင့်တင်ဆောင်ရွက်နိုင်ရန် အမျိုးသားရေးတာဝန် တစ်ရပ်အနေနှင့် အားလုံးပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကလေးအလုပ်သမားတိုးပွားလာသော လက္ခဏာများကို တုံ့ပြန်နိုင်ရန် ပြည့်စုံသည့် လူမှုအကာအကွယ်၊ ဆင်းရဲသောမိသားစုများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အရွယ်ရောက်ပြီးသူများအတွက် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်များ တိုးမြှင့်ခြင်း၊ ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေးနှင့် အခမဲ့ပညာရေး စီမံချက်များ ရေးဆွဲဆောင်ရွက်ခြင်း၊ အလုပ်သမားရေးရာ စစ်ဆေးခြင်းနှင့် ဥပဒေစိုးမိုးခြင်းတို့နှင့် ပတ်သက်ပြီး ပိုမိုခိုင်မာအောင်ဆောင်ရွက်ခြင်း စသည့်ကဏ္ဍများကို ပူးပေါင်းဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်၏ အနာဂါတ်ကို ကောင်းမွန်စွာဖန်တီးပေးနိုင်မည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မာမှု၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုများနှင့် တိုက်ရိုက်သက်ဆိုင်နေသဖြင့် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်၏ ရည်မှန်းချက်များကို ထိရောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ရလဒ်ကောင်းများ ရရှိစေရန်နှင့်ကလေးအလုပ်သမား အရေးကိစ္စသည့် ရေရှည်စီမံကိန်း ချမှတ်ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်သောကြောင့် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များအတိုင်း အားနည်းချက်၊ အားသာချက်များကို သုံးသပ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဟန်သူက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ နေပြည်တော် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သဲမွန်ရည်က နေပြည်တော် ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီ (၈) ရပ်တို့၏ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီ (၈) ခုမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများမှ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)