သန်လျင်မြို့နယ် ကျေးလက်စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်း

ရန်ကုန် မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီက လှူဒါန်းရရှိသော စာအုပ်စာစောင်များအား သန်လျင်မြို့နယ်အတွင်းရှိ ကျေးလက်စာကြည့်တိုက်များအား ထပ်ဆင့်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက တိုင်းဒေသကြီးမှ စာကြည့်တိုက်ပညာသင်တန်းများ ဖွင့်လှစ်ပေးလျှက်ရှိကြောင်း ရပ်ကွက်နှင့်ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတများရရှိစေရန် ဖွင့်လှစ်ပြီး စာကြည့်တိုက်များအနေဖြင့် ရှင်သန်ခိုင်မာအောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စာဖတ်သူတိုးပွားရေးစည်းရုံးဆောင်ရွက်ရန်နှင့် လှူဒါန်းရရှိသော စာအုပ်များစနစ်တကျ ရေးသွင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် သန်လျင်မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးဝင်း (ဝင်းသီဟ-သန်လျင်) က မြို့နယ်အတွင်း ရှင်သန်စာကြည့်တိုက်များ ဖွင့်လှစ်ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ လှူဒါန်းရရှိသော စာအုပ်စာစောင်များကို မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးဝင်း (ဝင်းသီဟ-သန်လျင်) က ပေးအပ်ရာ သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာ လင်းရောင်ခြည်စာကြည့်တိုက်၊ ဘုရားကုန်းကျေးရွာ ပညာရင်ခွင်စာကြည့်တိုက်နှင့် ဗိုလ်ချုပ်ကျေးရွာ ဓမ္မရသစာကြည့်တိုက်တာဝန်ခံများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)