လားရှိုး မတ်လ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၄)ဆင်းပွဲအခမ်းအနားကို မတ်လ ၁၇ ရက်နေ့ နံနက် (၁၀)နာရီအချိန်က လားရှိုးခရိုင်မီးသတ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမင်းခိုင် သင်တန်းဖွင့်လှစ်ခဲ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက သင်တန်းတွင် စံပြဆုရရှိသူ ဓမ္မရက္ခိတပရဟိတအသင်းမှ မောင်အာကာအောင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)အတွင်းရေးမှူး ရဲမှူးကြီးလှမင်းက သင်တန်းတွင် ပထမဆုရရှိသူ ပေးသောလက်ပရဟိတအသင်းမှ မောင်ရဲရင့်မြင့်မြတ်ထွေး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက ဒုတိယဆုရရှိသော ဓမ္မရက္ခိတပရဟိတအသင်းမှ မဆုမြတ်အောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေဠုသတိုးက တတိယဆုရရှိသော ရပ်ကွက်(၇) အရန်မီးသတ်တပ်ဖွဲ့မှ တပ်သားနန်းဆုနဒီဖွေးတို့ကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ခရိုင်မီးသတ်ဦးစီးမှူးက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါသင်တန်းသို့ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး၊ လူမှုရေးအသင်းအဖွဲ့ဝင် ၁၅ ဦးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့ဝင် ၅ ဦး စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် နှစ်ပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)