မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၅ဝ)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ကာကွယ်ဆေး သိုလှောင်အအေးခန်း(မော်လမြိုင်) (၃)ထပ်ဆောင် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် မတ် ၁၉

နှစ်(၅ဝ)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ပြည်နယ်ကာကွယ်ဆေး သိုလှောင်အအေးခန်း (မော်လမြိုင်) (၃)ထပ်ဆောင် အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ ပြည်နယ် ပြည်သူ့ကျန်းမားရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြည်နယ်ကာကွယ်ဆေး သိုလှောင်အအေးခန်း(မော်လမြိုင်) (၃)ထပ်ဆောင် အဆောက်အဦသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး၊ အဆောက်အဦသစ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရေများ ပက်ဖျန်း၍ ပြည်နယ်ကာကွယ်ဆေး သိုလှောင်အအေးခန်း(မော်လမြိုင်) (၃)ထပ်ဆောင် အဆောက်အဦသစ်အား လှည့်လည် ကြည့်ရှုခဲ့ကြသည်။

ထို့​​နောက်  ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း မြို့ပြနှင့် ကျေးလက်နေပြည်သူများအားလုံး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို အရည်အသွေးပြည့်မီစွာ ရရှိစေရေး အထူးအ​လေး​ထား ဆောင်ရွက်​လျက်ရှိ​ပါကြောင်း၊ ပြည်နယ်ကာကွယ်ဆေး သိုလှောင်အအေးခန်းတွင် ပေးပို့လာသော ကာကွယ်ဆေးများအား စနစ်တကျလက်ခံခြင်း၊ သတ်မှတ်အပူချိန်အတွင်း စနစ်တကျ သိုလှောင်ထားရှိခြင်း၊ အအေးလမ်းကြောင်းမပျက် စနစ်တကျထုပ်ပိုး၍ မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများနှင့် ကာကွယ်ဆေးထိုးစုရပ်များအထိ ဆေးအာနိသင်မပျက် ပို့ဆောင်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်မည်ဖြစ်​ကြောင်း၊ အများပြည်သူများအတွက် ကျန်းမာ​ရေး​စောင့်​ရှောက်မှု​လုပ်ငန်းများ ​အရည်အသွေးပြည့်မီစွာ ကုသနိုင်​ရေး ဆောင်ရွက်​ကြရန်နှင့် အများ ပြည်သူများအတွက် ကျန်းမာရေးအဆင့်မြှင့်တင်ရေး၊ ကြိုတင်ကာကွယ်ရေး၊ ရောဂါကုသရေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ​ဆောင်ရွက်​ပေးကြရန် လိုအပ်​ကြောင်း၊ ကာကွယ်ဆေးသိုလှောင် အအေးခန်းအတွက်လည်း လုံခြုံရေး၊ (၂၄)နာရီလျှပ်စစ်မီးရရှိရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် အခြားလုပ်ငန်းများတွင် အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များ ဝိုင်းဝန်းကူညီ ​ဆောင်ရွက်​ပေးကြရန်ဖြင့် အမှာစကား​ ပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ဂုဏ်ပြု​ဖျော်​ဖြေတင်ဆက်​ပေးခဲ့ကြသည့် ဘင်ခရာအဖွဲ့၊ ပန်ပွားအဖွဲ့နှင့် မွန်းရိုးရာယိမ်းအကအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နှစ်(၅ဝ)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ခုတင်(၅ဝဝ)ဆံ့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား အခမဲ့စမ်းသပ်ခြင်း၊ အခမဲ့ခွဲစိတ်ကုသပေးနေမှု အခြေအနေများနှင့် မျက်စိဆောင်၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် မျက်စိအတွင်းတိမ် လူနာများအား ရင်းရင်းနှီးနှီး လိုက်လံကြည့်ရှု အားပေးစကား ပြောကြားခဲ့ပြီး အာဟာရဖြည့်စွက်စာများနှင့် လိုအပ်သည်များကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)