ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ဥတ္တရသီရိ မတ် ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

ရှေးဦးစွာ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန် ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများ အချင်းချင်းဆွေးနွေးရာမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ပိုမိုရရှိစေရေးရည်ရွယ်ကာ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စာရေးဆရာ ဘုန်းရဲနိုင်(ဂန့်ဂေါ)၊   စာရေးဆရာမ ချယ်ချယ် (YU) နှင့် စာပေဝါသနာရှင်များက စာရေးဆရာ ရဲသွေးထက် စုစည်းတင်ပြသည့် ဗိုလ်ချုပ်ပြောတဲ့စကား၊ ဗိုလ်ချုပ်ရေးတဲ့စာ စာအုပ်အားဖတ်ရှု၍ မိမိတို့၏ ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများအား ပြန်လည်ဆွေးနွေးခြင်း၊  သုံးသပ်ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် စုစည်းတင်ပြသူ၏ ခံစားရေးသားခဲ့မှုများအား အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့သည်။

ယင်းနောက်တက်ရောက် လာကြသော စာပေဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများက ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်မှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်၊ စာစောင်များနှင့် နံရံကပ်ဘုတ်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့​ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)