တွံတေး မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းကို အုန်းပင်စုရပ်ကွက်၊ မြို့မဘောလုံကွင်း၊ ဗိုလ်မှူးအောင်ဆန်းသူရိယအေးချို အားကစားခန်းမနှင့် (ခ) အဆင့် အားကစားရုံတို့တွင် မတ်လ ၁၇ ရက်နေ့ ညနေ ၃ နာရီအချိန်က ဆက်လက်သင်ကြားပေးလျက်ရှိရာ အားကစားဝါသနာပါသူ သင်တန်းသား၊ သင်တန်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ဘောလုံးအားကစားနည်းကို ညနေ ၃ နာရီတွင် မြို့မဘောလုံးကွင်းတွင်လည်းကောင်း၊၊ ဘော်လီဘော၊ ကြက်တောင်ရိုက် အားကစားနည်းများ ဗိုလ်မှူးအောင်ဆန်းသူရိယအေးချိုခန်းမ၌ နေ့လည် ၂ နာရီ မှ ညနေ ၄ နာရီထိလည်းကောင်း၊ တိုက်ကွမ်ဒိုအားကစားနည်း၊ စားပွဲတင်တင်းနစ်ကို ညနေ ၄ နာရီမှ ညနေ ၆ နာရီအထိ (ခ) အဆင့် အားကစားရုံတွင်လည်းကောင်း၊ Fitness Danceကို နံနက် ၈ နာရီမှ နံနက် ၁၀ နာရီအထိ ဗိုလ်မှူးအောင်ဆန်းသူရိယအေးချိုခန်းမ၌လည်းကောင်း အချိန်များသတ်မှတ်၍ ရက် (၃၀) ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ယနေ့အထိ လာရောက်သင်ကြားသူ ကျား (၆၇) ဦး၊ မ (၅၁) ဦး၊ စုစုပေါင်း (၁၁၈) ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
တွံတေးမြို့နယ်တွင် မျိုးဆက်သစ်အားကစားသမာကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွန်းရေး၊ မြို့နယ်/ ခရိုင်/ တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများမှတဆင့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် နိုင်ငံတော်၏ အားကစားမြှင့်တင်ခြင်း လုပ်ငန်းများကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်တို့ကို ရည်ရွယ်၍ နွေရာသီအားကစားအခြေခံသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး နေ့စဉ်သတ်မှတ်ချိန်အလိုက် သက်ဆိုင်ရာအားကစားနည်းပြများက အားကစားအမျိုးအစားအလိုက် စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိသူ ဦးလွင်ဇော်ဦးထံမှ သိရသည်။
တွံတေးသား