သမိုင်းဝင်ကျိုက္ကစံ ဆံတော်ရှင်စေတီတော်မြတ်ကြီးတွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

သင်္ဃန်းကျွန်း  မတ်  ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သမိုင်းဝင်ကျိုက္ကစံ ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ညနေ ၄ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စေတီတော်ကြီး၏ သြဝါဒစရိယဆရာတော်ကြီးများနှင့် သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထူးလွင်၊ ခစဖအဖွဲ့ဝင်(၂)ဦးသောင်းလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးလှမျိုးနှင့်ဇနီး ဒေါ်လှိုင်မဥ္ဇူ၊ ဌာနဆိုင်ရာများ၊ စေတီတော်ကြီး၏ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး အသောကသီတဂူကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်မှ ဘုရားပင့်ဂါတာတော်ဖြင့် ရွတ်ဖတ်ပူဇော်ခြင်း၊ တိုင်းဒေသကြီးသံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဓန္တအဂ္ဂသာမိမှ ပဋ္ဌာန်းကျမ်းမြတ်အကြောင်း သိကောင်းစရာများမြွက်ကြားခြင်း၊ ငြိမ်းချမ်းရေးကျောင်းတိုက်ဆရာတော်မှ ဒေဝနိမန္တနဂါတာတော်ဖြင့် နတ်ဗြဟ္မာများအားဖိတ်ကြားခြင်း၊ အဘယဇိတကျောင်းတိုက်ဆရာတော်မှ ဥယျောဇနဂါတာတော်ဖြင့် ကျမ်းမြတ်မဟာပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်ပူဇော်ရန်တိုက်တွန်းခြင်း၊ ဆရာတော်သံဃာတော်များနှင့်ဧည့်ပရိတ်သတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိကို သံပြိုင်(၃)ခေါက်ရွတ်ဆိုပြီး အလှည့်ကျဘဏကဆရာတော်ဖြစ်သည့် မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ဒေါက်တာသောဘဏာလင်္ကါရမှ မဟာပဋ္ဌာန်းကျမ်းမြတ်ကြီးအား ဆက်လက်ရွတ်ဖတ်ပူဇော်လျက်ရှိကြောင်း သိရသည်။

အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအား ၁၇.၃.၂၀၂၄ ရက်နေ့မှ ၂၂.၃.၂၀၂၄ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)