ကျိုက်မရော မတ် ၁၈
ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခြေခံပညာအလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ချိုမြတ်မြတ်ထွေးက နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ များစာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် နှုတ်မှုစွမ်းရည်တိုးတက်စေရန်၊ စာကြည့်တိုက်ကိုအသုံးပြုတတ်သည့် အလေ့အထရှိစေရန်ရည်ရွယ်၍ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် အထရံအလယ်တန်းကျောင်းမှ ကျောင်းသူ(၁၅)ဦးတို့က မိမိတို့ကြိုက်နှစ်သက်ရာပုံပြင်များဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲတွင် ဆုရရှိသောကလေးများအား ဦးစီးအရာရှိက အမှတ်တရဆုလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲအပြီးတွင် ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်၊ အရွယ်မရောက်သေးသော ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးပညာပေးနံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)