ပင်လုံ မတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက် (၉:၀၀)နာရီမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းသည် ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူများအနေဖြင့် ရှာဖွေစမ်းသပ်စစ်ဆေးမှုများနှင့် ကုသမှုများကို မိမိတို့ဒေသ၌ ခံယူနိုင်ခြင်းဖြင့် ရောဂါများ စောစီးစွာသိရှိပြီး လိုအပ်သော ကုသမှုများကို အချိန်မီရရှိကာ ကျန်းမာစွာ အသက်ရှည်နေထိုင်နိုင်ရန်အတွက်လည်းကောင်း၊ ဆေးကုသမှုအတွက် ကုန်ကျစရိတ်သက်သာခြင်းကြောင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေရန်အတွက်လည်းကောင်း ရည်ရွယ်၍ တောင်ကြီးမြို့၊ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ ဒေါက်တာစိုင်းသန်းထိုက်အောင် ဦးဆောင်သည့်အဖွဲ့နှင့် ပင်လုံမြို့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း၍ တီဘီသံသယလူနာများ၊ ရှာဖွေဖော်ထုတ်ခြင်း၊ သလိပ်စစ်ဆေးခြင်းနှင့် Digital Portable X-ray ဖြင့် ရင်ခေါင်းဓာတ်မှန်ရိုက်၍ တီဘီလူနာရှာဖွေ ကုသခြင်း လုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများကို အခမဲ့ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)