ကျိုက်မရောမြို့ ဘိန်းဗျောကျေးရွာအုတ်ဖိုမှ အုတ်များအရည်အသွေးကောင်း၍ ဝယ်လိုအားကောင်းနေ

ကျိုက်မရော မတ် ၁၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာ  အုတ်ဖိုလုပ်ငန်းတွင် သဘာဝမှထွက်ရှိသော ကုန်ကြမ်းများကိုအသုံးပြု၍ တစ်ပိုင်တစ်နိုင်စီးပွားရေးလု​ပ်ငန်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်ပေးလျက်ရှိသည့် လက်ရိုက်အုတ်များကိုအရည်အသွေးကောင်းသဖြင့် ဝယ်လိုအားမြင့်ကာ စျေးကောင်းလည်းရသဖြင့်အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါအုတ်ဖိုလုပ်ငန်းကို နိုဝင်ဘာလမှ သင်္ကြန်ပြီးသည့်တန်ခူးလအကုန်ထိ အုတ်ဖိုလုပ်သား၂၅ ဦးခန့်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယခုလိုပွင့်လင်းရာသီစပါးပေါ်ချိန်ပဲပေါ်ချိန် ငွေစုဆောင်းမိချိန်တွင် အိမ်ဆောက်သူများပြားလာပြီး အခြားဆောက်လုပ်ရေးလုပ်ငန်းများ လည်းလုပ်ကိုင်မှုများပြားခြင်းကြောင့် အုတ်ဖိုမှ အုတ်များကို မှာယူသူမြင့်တက်ကာ ကျိုက်မရောမြို့နယ်အတွင်းသာမက မုဒုံ၊ မော်လမြိုင်မြို့ကြီးများနှင့် သံဖြူဇရပ်မြို့နယ်များအထိ တင်ပို့နေရကြောင်း အုတ်ဖိုလုပ်ငန်းပိုင်ရှင် ဦးအေးဝင်းက​ပြောသည်။

အုတ်ဖိုလုပ်ငန်းကို အဓိကစီးပွားရေးလုပ်ငန်းအဖြစ် ၂၀၂၁ ခုနှစ်ကပင်စတင်လုပ်ကိုင်ခဲ့ရာ သုံးနှစ်ကျော်ရှိပြီး အုတ်ဖို၌ အလုပ်သမားစုစုပေါင်း(၂၅)ဦးရှိကာ လုပ်အားခအနေဖြင့် တစ်ဦးကိုရှစ်ထောင်မှ တစ်သောင်းကျပ်ထိပေးရပြီး အုတ်ဖိုအနီးပတ်ဝန်းကျင် ကျေးရွာများမှ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရသည့်အတွက်လည်း အသေးစား၊ အငယ်စားအလတ်စားစီးပွားရေးလုပ်ငန်း(MSME)များကို အားပေးကူညီပြီး လူငယ်လူရွယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများနေ့စဥ်ရရှိစေပါသည်။ အုတ်ဖိုမှတစ်ရက်လျှင်အုတ်အလုံးရေ(၉၀၀၀)ခန့်ထွက်ရှိကာ တစ်လုံးလျှင်တစ်ရာကျပ်မှ တစ်ရာ့တစ်ဆယ်ထိစျေးနှုန်းမြင့်တက်ကာ မှာယူလိုသူများပြားသဖြင့် လက်ရှိအုတ်ဖိုလုပ်ငန်းမှာအဆင်ပြေလျက်ရှိကြောင်း  အုတ်ဖိုလုပ်ငန်းပိုင်ရှင်ဦးအေးဝင်းထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)