နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းပြုလုပ်

နွားထိုးကြီး  မတ် ၁၈

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ ဦးလှဝင်း ရေးသားသည့် “လေသူရဲတစ်ဦး၏ ဘဝနှင့်အလုပ်၏ လျှို့ဝှက်ချက်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဦးတင့်လွင်ဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပွဲနောက် Book Club အဖွဲ့ဝင်များက “လေသူရဲတစ်ဦး၏ ဘဝနှင့်အလုပ်၏ လျှို့ဝှက်ချက်များ” စာအုပ်ပါ အကြောင်းအရာများကို တစ်ဦးချင်း ဖတ်ကြားကာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာအုပ်သည် မောပန်းနွမ်းနယ်မှု ဖြစ်ရသည့်အကြောင်းတရားများ၊ အဆိုပါ မောပန်းနွမ်းနယ်မှု များကို ကျော်ဖြတ်ပုံများ၊ အလုပ်၏ ဖိအားကြောင့် စိတ်ပင်ပန်းရမှုများနှင့် စိတ်ပင်ပန်းမှု ဖြစ်စေသည့် အလုပ်များနှင့်ပတ်သက်၍ သိပ္ပံပညာရှင်များ၏ ရှာဖွေဖော်ထုတ်မှုများကို စာရေးသူနှင့် ဘဝနှင့်ယှဉ်ကာ စိတ်ဝင်စားဖွယ်ရေးသားထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

သန်းအောင်ဇော်