မွန်လူမျိုးတို့သည် မွန်ခမာအုပ်စုဝင်များဖြစ်ကြပြီး BC ၁၅၀၀ ခန့်တွင် တရုတ်ပြည်တောင်ပိုင်း ဟန်စီမြစ်ဝှမ်းတွင် စတင်အခြေချနေထိုင်ခဲ့ကြသည်။ မွန်နှင့်ဗမာသည် မွန်ဂိုအနွယ်ဝင်များဖြစ်ကြပြီး ဧရာဝတီမြစ်ဝ၊ စစ်တောင်းမြစ်ဝ၊ သံလွင်မြစ်ဝတို့တွင် အခြေချနေထိုင်ကြရာ ပျူ၊ ကမ်းယံဘက်လူမျိုးတို့မှ အထက်မြန်မာပြည်အတွင်း စောစွာအခြေချနေထိုင်ခဲ့ကြသူများဖြစ်ကြသည်။ ထိုင်းနိုင်ငံမြောက်ဘက်တွင်လည်း အခြေချနေထိုင်ပြီး ဂန်မန်နန်းတော်ကို တည်ခဲ့သည်။ မြန်မာနိုင်ငံတွင် သထုံ၊ ပြည်၊ သုဝဏ္ဏဘူမိနန်းတော်တို့သည် မြန်မာနိုင်ငံအဝှမ်းသို့ ထေရဝါဒဗုဒ္ဓသာသနာတော်စတင်ရာ ဒေသများဖြစ်ခဲ့သည်။
ဗုဒ္ဓဘုရားရှင် ရှစ်ဝါမြောက်တွင် ဂဝံပတိ ရဟန္တာမြတ်နှင့် ရဟန္တာဝါနှင့်အတူ သထုံသို့ကြွချီတော်မူခဲ့ပြီး ဆံတော်များ စစွန့်တော်မူခဲ့သော ကျိုက်ထီးရိုးစေတီ၊ ဇင်းကျိုက်စေတီစသည့်တို့တွင် ဆံတော်ရှင်စေတီတော်များ တည်ထားကိုးကွယ်နိုင်ခဲ့သည်။
သာသနာနှစ်(၉၀၀)တွင် မွန်အရှင်အဂ္ဂဂေါနသည် သီရိလင်္ကာသီဟိုဠ်သို့သွားရန် ပိဋကတ်ကျမ်းတော်များကို မာဂသဘာသာဖြင့် ပေရွတ်ပေါ်တွင်ကူးယူခဲ့ပြီး ပုဂံပြည့်ရှင်အနော်ရထာမင်းလက်ထက်၌ ထေရဝါဒဗုဒ္ဓသာသနာသည် မြန်မာပြည်တွင် ထွန်းကားပြန့်ပွားခဲ့ပြီး ကမ္ဘာထိ တန်ခိုးကြီးမားခဲ့လေသည်။ မွန်ဘုရင် ရာဇဓိရာဇ်မှာ ဘုန်းတန်ခိုးကြီးမားပြီး မွန်ဘုရင်မကြီး ရှင်စောပုမှာ မြန်မာပြည်၏ တစ်ဦးတည်းသော ဘုရင်မကြီးဖြစ်သည်။ မဂဒူးမင်းဆက်လည်း ရှိခဲ့သည်။ မွန်တို့၏ ဘာသာယဥ်ကျေးမှု အနုပညာစာပေတို့သည် အလွန်မြတ်နိုးဖွယ်ကောင်းလှပြီး မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီးနောက် ဘီစီ(၁၀၀၀)ခန့်တွင် မြို့ပြများကို တည်ထောင်ခဲ့ကြသည်။
မွန်တို့၏ စာပေသမိုင်းမွန်တို့၏ စာပေသည် ပြီးပြည့်စုံသော သင်္ကေတများ၊ သဒ္ဒါရေးထုံးများနှင့် ဝါကျနည်းစနစ်များသည် လွန်စွာကောင်းမွန်ကြောင်း တွေ့ရှိရသည်။ ကျောက်စာများတွင် အက္ခရာများသို့ အေဒီ(၅)ရာစုနှစ် သုံမက္ကာကအက္ခတို့ တီထွင်ထားသော အက္ခရာများဖြစ်ကြောင်း သုတေသီမစ္စတာဂျီအီးဟောဒေး(GE Harney)က ဆိုခဲ့သည်။ ခရစ်နှစ် ၅ ရာစုလောက်မှစ၍ ယနေ့တိုင် ရေးသားနေသော မွန်စာပေကို ခေတ်သုံးခေတ်ခွဲပြီး ပိုင်းခြားနိုင်သည်ဟု သုတေသီတို့က ဆိုကြလေသည်။ ၅ ရာစုမှ ၁၂ ရာစုထိစာပေများကို ခေတ်ဟောင်းစာပေ၊ ၁၂ ရာစုမှ ၁၆ ရာစုထိ စာပေများကို အလယ်ခေတ်စာပေ၊ ၁၆ ရာစုမှ ယနေ့အချိန်ထိ ရေးသားနေသော စာပေများကို ခေတ်သစ်စာပေဟု ခွဲခြားထားကြသည်။
မွန်တို့၏ ယဥ်ကျေးမှုအနုပညာမွန်တို့သည် ကိုယ်ပိုင်အနုပညာယဥ်ကျေးမှုရှိပြီး တူရိယာနှင့် ပတ်သက်၍ ကြေး၊ ကြိုး၊ သရေ၊ လေ၊ လက်ခုပ်တို့ကို အခြေခံထားသည်။
၁။ ကြေးတူရိယာ လင်ကွင်း၊ ပတ္တလား၊ စည်း၊ လခြမ်း၊ မောင်း၊ ဆိုင်း။
၂။ ကြိုးတပ်တူရိယာ စောင်း၊ တယောမိကျောင်း။
၃။ သားရေတူရိယာ ပတ်ဝိုင်း၊ ပတ်မ၊ တည်စည်၊ မလွဲစည်၊ အိုးစည်၊ စည်ပုတ်များ။
၄။ လေတူရိယာ ပို့၊ နှဲ၊ ပြင်း၊ ခရုသင်း၊ ခရာကောက်၊ သံမြှာ။
၅။ လက်ခုပ်တူရိယာ လက်ခုပ်၊ ဝါးလက်ခုပ်၊ တုံးတို့ဖြစ်ကြပြီး အလွန်ငြိမ့်ညောင်း သာယာဖွယ်ကောင်းလှကာ နှလုံးအိမ်အထိ နူးညံ့စွာ စီးဆင်းနိုင်သည်။
မွန်ရိုးရာအက ကကြိုးပေါင်း ၂၂ ကွက်ရှိပြီး ဟန်နှင့်ပတ်သတ်၍ ၁၂ ခန်းရှိသည်။ ယခုချိန်တွင် တပင်တိုင်ယိမ်း၊ ခေတ်ဟောင်း နှစ်ပါးသွား၊ ဟင်္သာမောင်နှံအကတို့ကို လူသိများကြကာ ငြိမ့်ညောင်းပျော့ပျောင်းသော ကဟန်၊ ကကြိုးများသည် လွန်စွာခန်းနားလှပပေသည်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တစ်မြေတည်းနေ တစ်ရေတည်းသောက် သွေးချင်းမောင်နှမတို့သည် များသောအားဖြင့် ထေရ်ရဝါဒဗုဒ္ဓသာသနာကို အထွက်အမြတ်ထားကြသည့်အနက် မွန်လူမျိုးတို့သည် ဘာသာသာသနာကို အလေးနက်ထားကိုင်းရှိုင်းခြင်းကို တွေ့မြင်နိုင်သည်။ ဘာသာ၊ သာသနာထွန်းလှသော မွန်တို့ဌာနီ၏ ကြည်နူးဖွယ်ရာများ မြင်ကွင်းများကို ယနေ့ထိတိုင် တွေ့မြင်ရနိုင်သောကြောင့် ဂုဏ်ယူစွာဖြင့် ၂၀၂၄ ခုနှစ် မတ်လ (၁၉)ရက်နေ့တွင် ကျရောက်သည့် နှစ်(၅၀)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ဂုဏ်ပြုလျက်တင်ပြလိုက်ရပေသည်။
အောင်မျိုးသူ (ပြန်/ဆက်)