ရပ်စောက် မတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ် မြို့နယ်အဆင့်အခြေပြု ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆွေးနွေးပွဲတွင် ရပ်စောက်မြို့နယ်ပညာရေးမှူး ဦးမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန် ဒေါက်တာပိုင်စိုးမိုးက ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီအတွက် ကာကွယ်ဆေးထိုးနှံခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်း၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးခြင်းနှင့် ကျောင်းကျန်းမာရေးစစ်ဆေးရာတွင် တွေ့ရှိချက်များကို မှတ်တမ်းတင်ပြုစုထားခြင်းဖြစ်ကြောင်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူ(သူငယ်တန်းမှ ပဉ္စမ တန်းအထိ)တစ်နှစ်လျှင် တစ်ကြိမ်ဖြည့်သွင်းရမည်ဖြစ်ကြောင်းနှင့် ကျောင်းကျန်းမာရေးစစ်ဆေးချိန် တွင် ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီအတွက် စစ်ဆေးတွေ့ရှိချက်များကို စနစ်တကျ မှတ်တမ်းတင်ထားနိုင်ရေး၊ ကျောင်းသားမိဘအုပ်ထိန်းသူများနှင့် ဆရာဆရာမတို့က မိမိကျောင်းရှိကျောင်းသားကလေးများအတွက် အဖြစ်များသော ရောဂါကျန်းမာရေးပြဿနာများကို ဖော်ထုတ်သိရှိနိုင်စေရေး၊ မိဘများသို့အသိပေးခြင်း၊ အချိန်မီလွှဲပြောင်းကုသခြင်း၊ ကျန်းမာရေးဌာနနှင့်ချိတ်ဆက်၍ လိုအပ်သည့်စောင့်ရှောက်မှုများကိုရယူရေး၊ မိဘဆရာနှင့် ကျောင်းသား၊ ကျောင်းသူများက ကျန်းမာရေး ကိုပိုမိုစိတ်ဝင်စားလာစေရေး၊ ကျောင်းကျန်းမာရေးဆိုင်ရာ လုပ်ငန်းရပ်များကို မိဘများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရေးစသည့် ရည်ရွယ်ချက်များဖြင့် ယနေ့ဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောသည်။
အဆိုပါဆွေးနွေးပွဲကို မတ် ၁၈ ရက်မှ ၁၉ ရက်နေ့အထိ (၂)ရက်တာပြုလုပ်သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ မူလတန်းအဆင့် ဆရာ၊ ဆရာမ (၄၆၃) ဦးတက်ရောက်ခဲ့ကြကာ မြို့နယ်ဆရာဝန် ဒေါက်တာပိုင်စိုးမိုးနှင့် ကျန်းမာရေးကြီးကြပ် (၁) ဒေါ်လှရတနာတို့က ဦးဆောင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆုမွန်