မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၅ဝ)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာအရောင်းပြခန်းများ၊ မွန်ရိုးရာ အဆို၊ အက၊ အတီးပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် မတ် ၁၈

နှစ်(၅ဝ)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာအရောင်းပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ သမိန်ဗရမ်းဘက်စုံသုံးကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်အဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ အခြေခံပညာအထက်ကျောင်းများမှ ဘင်ခရာနှင့် ပန်းပွားအဖွဲ့နှင့် တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များများက အကအလှများဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မွန်ပြည်နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက်များကို တိုင်းရင်းသားပြည်သူများ လေ့လာသိရှိနိုင်စေရန်နှင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာအစားအစာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးရည်ရွယ်ပြီး နှစ်(၅ဝ)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ်ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာအရောင်းပြခန်းများအား ဖွင့်လှစ်ပြသရခြင်းဖြစ်ကြောင်း၊ ပြည်နယ်အနေဖြင့်လည်း ကုန်ထုတ်လုပ်ငန်းများကို တိုးတက်စေရေး အဓိကထားဆောင်ရွက်လျက်ရှိသည့်အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်း၊ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပြီး ကုန်ကြမ်းမှ ကုန်ချောများ ထုတ်လုပ်ခြင်းဖြင့် ထုတ်ကုန်များရရှိပြီး ပြည်တွင်းစီးပွားရေးတိုးတက်မှုကို အထောက်အကူပြုနိုင်စေရေး ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်တွင်းထုတ်ကုန်လုပ်ငန်းများ တိုးတက်ရေးသည် အဓိကကျသဖြင့် မိမိတို့ပြည်တွင်းရှိ ပြည်သူများအတွက် လုံလောက်စွာ ထုတ်လုပ်ပေးနိုင်မှုအပြင် ပြည်ပသို့ တင်ပို့နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ထုတ်ကုန်ပစ္စည်းများကို စံချိန်မီအရည်အသွေးထုတ်လုပ်ခြင်း၊ ဈေးနှုန်းမှန်ကန်မျှတစွာ ရောင်းချခြင်းတို့အပါအဝင် ဈေးကွက်စီးပွားရေးပီပြင်စွာဖြစ်ပေါ်လာစေရေး တာဝန်ရှိသူအားလုံးက စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းကြပါလို့ တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက နှစ်(၅ဝ)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာအရောင်းပြခန်းများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတွင် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ပေးခဲ့ကြသည့် တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့၊ ဘင်ခရာနှင့် ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကာ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လယ်ယာကဏ္ဍကြီး ပြခန်း၊ စက်မှု ကဏ္ဍကြီး ပြခန်း၊ ဝန်ဆောင်မှုကဏ္ဍကြီး ပြခန်း၊ ပညာရေးပြခန်း ကျန်းမာရေးပြခန်း၊ အသေးစား၊ အငယ်စား၊ အလတ်စား၊ ထုတ်ကုန်အရောင်းပြခန်း၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာအရောင်းပြခန်းများအား လှည့်လည်ကြည့်ရှအားပေးခဲ့ကြသည်။

နှစ်(၅ဝ)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများအနေဖြင့် လယ်ယာကဏ္ဍကြီး(၁၁)ခန်း၊ စက်မှုကဏ္ဍကြီး(၁၀)ခန်း၊ ဝန်ဆောင်မှုကဏ္ဍကြီး(၁၀)ခန်း၊ ပညာရေးပြခန်း(၈)ခန်း၊ ကျန်းမာရေးပြခန်း(၈)ခန်း၊ အသေးစား၊ အငယ်စား၊ အလတ်စား၊ ထုတ်ကုန်အရောင်းပြခန်း(၁၁)ခန်း၊ စုစုပေါင်း(၅၈)ခန်းများအပြင် ဒေသတိုင်းရင်းသားရိုးရာအစားအစာအရောင်းပြခန်းများကို ဒေသခံပြည်သူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ပြသထားရှိပါကြောင်း  သိရှိရသည်။

စည်သူ(ပြန်/ဆက်)