ဇေယျာသီရိ မတ် ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ အမှိုက်စနစ်တကျ စွန့်ပစ်ရေးနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဇေယျာသီရိမြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးလှိုင်ဒိန်းက မြို့နယ်အတွင်း စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လင်းအောင်က ပလတ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေးနှင့် ညစ်ညမ်းမှုတိုက်ဖျတ်နိုင်သည့် နည်းလမ်းများ၊ ကြွပ်ကြွပ်အိတ်နှင့် ပလတ်စတစ်အိတ် မသုံးသင့်သောအကြောင်းအရင်းများ၊ ပလတ်စတစ်၏ ဆိုးကျိုးများ၊ မိမိတို့ပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်း သက်သာစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များနှင့် အမှိုက်များဆွေးမြေ့ရန်ကြာမြင့်ချိန်တို့ကို ရှင်းလင်းဟောပြောခဲ့ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ဦးစီးအရာရှိ ဦးအောင်သန့်ကိုက အမှိုက်များ စနစ်တကျစွန့်ပစ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ဖြေကြားပေးခဲ့ကာ ပလတ်စတစ်နှင့်ပတ်သက်သည့် အသိပညာပေး ဗီဒီယိုပြသပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)