ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ နောင်ဘိုကန်သာယာလှပ‌စေရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးဖြစ်၍ ဒေသခံပြည်သူများလာရောက်အပန်းဖြေယူနိုင်

ဟိုပုံး မတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ဖြည့်စွက်ရန်ပုံငွေ (၁၉.၅၀) သန်းဖြင့် ဆောင်ရွက်သည့် နောင်ဘိုကန်သာယာလှပ‌စေရေး မြက်စိုက်ခြင်း၊ ပန်းအလှပင်များစိုက်ပျိုးခြင်း၊ အလှမီးတိုင်စိုက်ထူခြင်းနှင့် ထိုင်ခုံများပြုလုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ဖြည့်စွက်ရန်ပုံငွေ (၁၉.၅၀) သန်းဖြင့် ဆောင်ရွက်သည့် နောင်ဘိုကန်သာယာလှပ‌စေရေး အလျား (၂၀၀) ပေ၊ အနံ (၂၅) ပေပေါ်တွင် အလှအုန်းပင်များ၊ စက္ကူပန်းအလှများ၊ တပေဘူတ၊ ကျောက်ထင်းရှူးနှင့် ဂျပန်မြက်များစိုက်ထည့်ခြင်းလုပ်ငန်းများ၊ အလှမီးတိုင်တပ်ခြင်းလုပ်ငန်းများ၊ ပြည်သူများ အပန်းဖြေနိုင်စေရန်အတွက် အလှထိုင်ခုံများ ပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

အဆိုပါလုပ်ငန်းများကို ဇန်နဝါရီလ (၂၆) ရက်နေ့တွင် စတင်အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ နောင်ဘိုကန်ဘေးတွင် ဒေသခံပြည်သူများက လမ်း‌လျှောက်ခြင်း၊ နေဝင်ဆည်းဆာအလှအပများ၊ အလှဓာတ်ပုံများ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်နိုင်ပြီးဖြစ်ကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)