မိုင်းယောင်းမြို့နယ် ဝမ်ပုံကျေးရွာ၌ လျောင်းတော်မူဘုရား တည်ထားကိုးကွယ်ရန် ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ကျင်းပ

မိုင်းယောင်း မတ် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ပုံကျေးရွာ ဘုန်းကြီးကျောင်းတွင် တည်ထားပူဇော်မည့် လျောင်းတော်မူဘုရား ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို ယမန်နေ့က အဆိုပါဘုန်းကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံ​သောထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ကျောက်များကို သံဃာတော်များထံ ဆက်ကပ်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် ဘုရားဒါယကာများက ရတနာအုတ်မြစ်တော်နှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် မေတ္တသုတ်တော်၊ ရတနာသုံးပါးဂုဏ်တော်နှင့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ကျောက်များကို ယူဆောင်၍ လျောင်းတော်မူဘုရား၏ ဝတ္တုကံတွင် ပက်ဖြန်းကြဲဖြန့် ချည်နှောင်တားဆီးကာရံကြပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် ဘုရားဒါယကာများက ရတနာအုတ်မြစ်တော်များကို အသီးသီးစီသွင်းပူဇော်၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်ကာ အုတ်မြစ်တော်ဗဟိုဌာနတွင် ကျောက်မျက်ရတနာများကို ကြဲဖြန့်ပူဇော်ကြပြီး မင်္ဂလာအောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း