ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ဒေသခံတိုင်းရင်းသားပြည်သူများအား ကွင်းဆင်းဆေးကုသမှုဆောင်ရွက်၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်အမီလိုက်ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်

ကျိုင်းတုံ မတ် ၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် အနီးတစ်ဝိုက်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများ သက်ရှည်ကျန်းမာကြံ့ခိုင်စေရေးအတွက်  ကျန်းမာရေးစောင့်ရှောက်ကုသပေးခြင်းကို မတ် ၁၅ ရက် မှ ၁၆ ရက်အထိ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများက ကျိုင်းတုံမြို့ ခုတင်(၂၀၀) အထွေထွေရောဂါကု ဆေးရုံကြီး၌ ကွင်းဆင်းဆောင်ရွက်ပေးကြောင်းသိရသည်။

အထူးဆေးကုသရေးအစီအစဉ်အဖြစ် ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပါမောက္ခ/ အထူးကုဆရာဝန်ကြီး ၁၂ ဦးနှင့် မျက်စိအထူးကုဆရာကြီးများအဖွဲ့ ၄ ဦး ပါဝင်သော ကျန်းမာရေးစောင့်ရှောက်ကုသရေးအဖွဲ့သည် ကျိုင်းတုံမြို့နှင့်အနီးတစ်ဝိုက်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား နှလုံး၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ အသည်း၊ ဦးနှောက်နှင့် အာရုံကြော၊ အရိုး၊ အကြော၊ အဆစ်၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဆီးချိုနှင့် ဟော်မုန်း၊ ကင်ဆာ၊ ကလေးဦးနှောက်နှင့် အာရုံကြော၊ မျက်စိ၊ အထွေထွေရောဂါများကို စမ်းသပ်ခွဲစိတ်စစ်ဆေးကုသပေးမှုများကို ကွင်းဆင်းဆောင်ရွက်ပေး သည်။

ထို့အပြင် ကျိုင်းတုံဆေးရုံကြီး၌ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသရေးခရီးစဉ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းနှင့် အမီလိုက်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို မတ် ၁၅  ရက်မှ ၁၆ ရက်အထိ ဆောင်ရွက်ပေးခဲ့ရာလူဦးရေ ၉၁ ဦး အား ကိုဗစ်ကာကွယ်ဆေး Pfizer vaccine ထိုးနှံပေးနိုင်ခဲ့သည်။

ထိုသို့ဆောင်ရွက်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုးဝေ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စည်သူအောင်၊ ကျိုင်းတုံ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ‌ဒေါက်တာအောင်ဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)