မိတ္ထီလာမြို့နယ်တွင် အခြေခံမြန်မာ့သိုင်း ၆၃ မောင်း လက်ရေးပြိုင်ပွဲကျင်းပ

မိတ္ထီလာ မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပသော အခြေခံမြန်မာ့သိုင်း ၆၃ မောင်း လက်ရေးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာလူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခြေခံမြန်မာ့သိုင်း ၆၃ မောင်း လက်ရေးပြိုင်ပွဲအခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ့သိုင်းဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ သိုင်းဆရာကြီး ဦးသောင်းရွှေက အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် အခြေခံမြန်မာ့သိုင်း ၆၃ မောင်း လက်ရေးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်သင်တန်းသား သင်တန်းသူများက ယှဉ်ပြိုင်ခဲ့ပြီး ၎င်းပြိုင်ပွဲတွင် ဆုရရှိသည့် သင်တန်းသား သင်တန်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့သည်။

အဆိုပါ အခြေခံမြန်မာ့သိုင်း ၆၃ မောင်း လက်ရေးပြိုင်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးမင်းဇော်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးနိုင်၊ သိုင်းဆပ်ကော်မတီမှ နာယကသိုင်းဆရာကြီးများ၊ သိုင်းဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ သိုင်းဆရာကြီးဦးသောင်းရွှေနှင့် ကော်မတီဝင်များ ပြိုင်ပွဲဝင်သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)