တာမွေ မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးဥပါဒ်အန္တရာယ် ရန်အသွယ်သွယ်အပေါင်းမှ ကင်းရှင်းစေရန်အတွက် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်ကျင်းပသော အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် ဒဂုံလွင်လမ်းနှင့် သမာဓိလမ်းထောင့်ရှိ မေတ္တာပုညကာရီဓမ္မာရုံကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဥပါသကာအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကြွရောက်လာကြသော မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးအား အမှူးပြု၍ သံဃာတော်အရှင်သူမြတ်များနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာကြသူများက မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဂန္ထဝါစကပဏ္ဍိတ မြို့ဦးစာသင်တိုက် ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တနာရဒထံမှ ငါးပါးသီလ ခံယူစောင့်တည်ခဲ့သည်။ ဆက်လက်၍ မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် ပင့်သံဃာတော်အရှင်သူမြတ်များအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မေတ္တာပုညကာရီဓမ္မာရုံ နာယကကြီး ဦးမြတ်မွန်မှ နတ်ပို့ဂါထာတော်အား ရွတ်ဖတ်ပူဇော်ခဲ့သည်။ ထို့နောက် ကြွရောက်လာကြသော မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးအား အမှူးပြု၍ သံဃာတော်အရှင်သူမြတ်များနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးဥပါဒ်အန္တရာယ် ရန်အသွယ်သွယ်အပေါင်းမှ ကင်းရှင်းစေရန်အတွက် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်းကို သီတင်းကျွတ်လပြည့်နေ့မှစ၍ တစ်နှစ်ပတ်လုံးတွင် ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် အလှည့်ကျ ပြုလုပ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင်လည်း အဆိုပါ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်းကို ၂၀၂၄ ခုနှစ် မတ်လ(၁၂)ရက်မှ မတ်လ(၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)