စဉ့်ကိုင် မတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ကျောင်းသားကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာစကားပြော အခြေခံရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်ပြီး စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်၍ စာစီစာကုံး ရေးသားနည်းသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်း (အခမဲ့)ကို ယမန်နေ့ နံနက် ၈ နာရီမှ စတင်ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးရာတွင် လူငယ်မောင်မယ်များ အတွက် နွေရာသီကျောင်းပိတ်ရက်များကို တန်ဖိုးရှိစွာဖြတ်သန်းစေလိုပါကြောင်း၊ အားလပ်ချိန်များကို အသိပညာ၊ အတတ်ပညာများ ဆည်းပူးလေ့ကျင့်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်များတွင် စာစီစာကုံး ရေးသားနည်းသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းများကို အခမဲ့ဖွင့်လှစ်ပေးပြီး အခြေခံကဗျာ ရေးနည်းသင်တန်း၊ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းများကိုလည်း စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် သင်တန်းနည်းပြဆရာ ဦးသန်းဝင်း (ပညာရေး) (ငြိမ်း)မှ စာစီစာကုံးရေးသားနည်း သင်တန်းကို နံနက် ၈ နာရီမှ ၁၀ နာရီ အထိလည်းကောင်း၊ အခြေခံအင်္ဂလိပ်စာ သင်တန်းကို နံနက် ၁၀နာရီမှ ၁၂နာရီအထိလည်းကောင်း (အခမဲ့) ပို့ချသင်ကြားပေးခဲ့ပြီး ယင်းသင်တန်းများကို (၁၇-၃-၂၀၂၄)မှ (၁၈-၃-၂၀၂၄)အထိ ၂ရက်ကြာ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
သင်တန်းအပြီးတွင် သင်တန်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာ ဗဟုသုတ စုံလင်သည့် အသိပညာပေး နံရံကပ် စာစောင်များနှင့် သုတ/ရသ စုံလင်သော စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြသည်။ ထို့နောက် မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ