ရန်ကုန် မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်ဘာသာစကား(အခမဲ့)သင်တန်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ရန်ကုန်မြောက်ပိုင်း ခရိုင်(အင်းစိန်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ဖွင့်လှစ်သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ သင်တန်းနည်းပြဆရာမ ဒေါ်အေးစန္ဒာက သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါသင်တန်းကို မတ်လ(၁၆)ရက်နေ့မှ ဧပြီလ(၂၈)ရက်နေ့အထိ အပတ်စဉ် စနေ၊ တနင်္ဂနွေ နံနက် (၉)နာရီမိနစ်(၃၀)မှ နေ့လယ်(၁၂)နာရီအထိ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးဖြင့် သင်တန်းနည်းပြ ဆရာမ ဒေါ်အေးစန္ဒာက ဘာသာရပ်များအလိုက် စာတွေ့၊ လက်တွေ့သင်တန်း ပို့ချသွားမည်ဖြစ်သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်) ရုံးအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာများ ရရှိစေရန်အတွက် သင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)