ကျောက်တန်း မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော် (၁၁၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို ၁၃၈၅-ခုနှစ် တပေါင်းလဆန်း(၇)ရက် ၂၀၂၄-ခုနှစ် ယမန်နေ့နံနက် (၈)နာရီ(၁၀)မိနစ်အချိန်က အနောက်ပိုင်းရပ်ကွက် ရေလယ်ဘုရားလမ်း ကျောက်တန်းမြို့ဘက်ကမ်းရှိ ကျိုက်မှော်ဝန်းရေလယ်စေတီတော်မုဒ်ဦးတွင် ကျင်းပခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်၊ စီမံအဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်သန်းထွန်း၊ မြို့နယ်သာသနာရေးဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစောအယ်ဒို စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌ ဦးလှသွင် တို့မှ စေတီတော်မြတ်ကြီး၏ (၁၁၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ဆုတောင်းပြည့် ငါးစပ်တန်ဆောင်းတော်ကြီးတွင် အဘိဓမ္မာ(၇)ကျမ်း ဒေသနာတော်မြတ်ပူဇော်ပွဲ ဖွင့်ပွဲကို နံနက်(၉)နာရီအချိန်တွင်ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တစန္ဒိမာဘိဝံသအဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက်ဦးစီးပဓာန ဆရာတော်ကြီး တိုင်းသံဃမဟာနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တအဂ္ဂသာမိ(ဒွိပိဋကဓရ) အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒဓမ္မဇောတိကဓဇ ကျောက်တန်းမြို့နယ် သံဃနာယကဥက္ကဋ္ဌဆရာတော် မဟာသဒ္ဓမ္ဓဇောတိကဓဇ ဘဒ္ဒန္တဝါသေဌနှင့် ကျိုက်မှော်ဝန်းရေလယ်စေတီးတော် သြဝါဒစရိယဆရာတော်ကြီးများ မြို့နယ်သြဝါဒဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တစန္ဒိမာဘိဝံသအဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဖွင့်ပွဲကျင်းပခဲ့သည်။
အဆိုပါ ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ်ကြီး၏ (၁၁၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဗုဒ္ဓပူဇာဓမ္မပူဇာသံဃပူဇာအဖြစ် ကျင်းပပူဇော်သွားမည်ဖြစ်ရာ အဘိဓမ္မာ(၇)ကျမ်းဒေသနာတော်မြတ်ပူဇော်ပွဲကို တပေါင်းလဆန်း(၇)ရက် မတ်လ(၁၆)နေ့မှ တပေါင်းလပြည့်မတ်လ(၂၄)ရက်ထိ ပူဇော်၍ တပေါင်းလဆန်း(၁၃)ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ ဆီမီး(၁၁၀၀)ပူဇော်ပွဲများဖြင့် ပူဇော်သွားမည်ဖြစ်ပြီး တပေါင်းလဆန်း(၁၄)ရက်နေ့တွင် ဆွမ်းတော်ကြီးတင်လှူပူဇော်ပွဲနှင့် ဆွမ်းသပိတ်မျှောပွဲ ကျင်းပပြုလုပ်ကာ တပေါင်းလပြည့်နေ့တွင် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ရေစက်ချမင်္ဂလာကျင်းပပြီး တပေါင်းလပြည့်နေ့တွင် ဘုရားအမှူးရှိသော ပင့်သံဃာ(၂၂၅)ပါးအား ပဒေသာပင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နေလင်းကျော်(ပြန်ဆက်)