တံတားဦးမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

တံတားဦး   မတ်  ၁၆

တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တံတားဦးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက ဟံသာဝတီကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ကြကြောင်းသိရသည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တံတားဦးမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် အသက်(၁၀)နှစ်ပြည့်ပြီးသူများနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဥပဒေနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း၊ နိုင်ငံသားတိုင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိမှသာလျှင် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတိုင်းအတွက် အရေးကြီးသည့်အရာတစ်ခုဖြစ်သည့်အတွက် ယခုကဲ့သို့ ပန်းခင်းစီမံချက် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးတင်စိုးက ပြောသည်။

တံတားဦးမြို့နယ်အနေဖြင့် (၃.၅.၂၀၂၁)ရက်နေ့မှ(၃၀.၁၁.၂၀၂၂)ရက်နေ့အထိ ပန်းခင်းစီမံချက်(၁)ဖြင့် ဒေသခံ (၁၀၃၆၁)ဦး၊ (၁.၈.၂၀၂၂)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့သည့် ပန်းခင်းစီမံချက် (၂) ဖြင့် ဒေသခံပြည်သူ (၃၃၉၄)ဦး၊ (၁.၁.၂၀၂၄)ရက်နေ့မှ ယနေ့အထိ ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်(၃)ဖြင့် ဒေသခံပြည်သူ (၁၅၇)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်ရရှိရေး ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီး  မြို့နယ်အတွင်းကျန်ရှိသည့် ကျေးရွာ၊ ရပ်ကွက်များကို ဆက်လက်ကွင်းဆင်း ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းလည်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တံတားဦး မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ရဲတင့်(ပြန်/ဆက်)