မော်လမြိုင် မတ် ၁၇
နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ငန်းတေးဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အားကစားသမားများ၊ ဖိတ်ကြားထားသည့်ဂေါက်သီးရိုက်အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ထို့နောက် အမျိုးသားပြိုင်ပွဲတွင်ဆုရရှိကြသူများ၊ အမျိုးသမီးပြိုင်ပွဲတွင်ဆုရရှိကြသူများ၊ တန်းလိုက်ပြိုင်ပွဲတွင်ဆုရရှိကြသူများနှင့် ရိုက်ချက်အလိုက် အကောင်းဆုံးဂေါက်သီးရိုက်အားကစားသမားဆုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကွင်း၌ စတင်ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်မှ ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အားကစားသမား (၂၅၀) ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)