မယ်စဲ့ နိုဝင်ဘာ ၄
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ ကျောက်စုကျေးရွာ ပြည်သူများအတွက် ကျေးရွာမြေငှား ဂရန်များ လက်ဝယ်အရောက်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကျောက်စုကျေးရွာ RC ဘုရားရှိခိုးကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ဘောလခဲခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က ကျောက်စုကျေးရွာ ပြည်သူများအတွက် ကျေးရွာမြေငှားဂရန်များ ပြုလုပ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှိုက ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်းကာ ပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု အပြည့်အဝရရှိစေရေး အတွက် ကျေးရွာမြေငှားဂရန်များ ရရှိအောင် ကြိုးပမ်းဆောင်ရွက် ပေးမှုကြောင့် ကျေးရွာပြည်သူများ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ကျေးရွာပြည်သူ များအနေဖြင့် နောင်လာနောက်သားများ အကျိုးကို မျှော်ကိုးပြီး သားစဉ်မြေးဆက် လက်ထက်အထိ အမွေကောင်းများကို ပေးစေလိုကြောင်း၊ တိုးတက်သည့် အရွေ့တစ်ခုကို သွားရန်အတွက် အပြန်အလှန်ထိန်းကျောင်းပြီး စနစ်တကျ ဆောင်ရွက်စေလိုကြောင်းနှင့် ရရှိလာသည့် ကျေးရွာမြေငှားဂရန်များကို ဉာဏ်ရည်ဉာဏ်သွေးရှိသလို စနစ်တကျ မှန်ကန်အကျိုးရှိစွာ အသုံးချစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိသူများက ကျောက်စုကျေးရွာပြည်သူ (၁၄၄)ဦးအတွက် ကျေးရွာမြေငှားဂရန် (၁၄၄)ခုကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)