ကျောက်ဆည်မြို့နယ်တွင် လယ်ယာမြေ(၁၈၀)ဧက တိုက်ရိုက်အကျိုးပြုမည့် ကုန်ထုတ်လမ်းဖောက်လုပ်ရန် လျာထား

ကျောက်ဆည် မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများနှင့် အခြားကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေစေရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ရန်ဘက်လိုကျေးရွာအုပ်စုတွင် Box Culvert (၂)စင်းပါသည့် ကုန်ထုတ်လမ်း(၁)လမ်းဖောက်လုပ်ရန် လျာထားလျက်ရှိကြောင်း သိရသည်။

အဆိုပါကုန်ထုတ်လမ်းအား ပြည်ထောင်စု(မူလ) ဘဏ္ဍာရန်ပုံငွေ (၈၄.၆၂၀၀) ကျပ်သန်းဖြင့်Box Culvert (၂)စင်းအပါအဝင် မြေသားထု(၂)ပေအပေါ်တွင်ဂျင်ကျောက်မြေ(၉)လက်မ စုစုပေါင်းလမ်းထုအထူ (၂)ပေ (၉)လက်မ၊ အရှည်(၁)မိုင် ခင်းပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ကုန်ထုတ်လမ်းပြီးစီးသွားပါက လယ်ယာမြေ (၁၈၀)ဧကမှ ရာသီမရွေးထွက်ရှိမည့် စိုက်ပျိုးရေးသီးနှံများစုံအား အချိန်တိုအတွင်း လျင်မြန်လွယ်ကူစွာသယ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် ရန်ဘက်လိုကျေးရွာအပါအဝင် ကျေးရွာ(၅)ရွာမှ အိမ်ခြေ(၂၅၅)အိမ် လူဦးရေ (၈၇၉)ဦးတို့၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)