သံတွဲ မတ် ၁၆
တက္ကသိုလ်ဝင်စာပေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ မတ် ၁၅ နံနက် ၉ နာရီမှ စတင်၍ ပဉ္စမနေ့ စာမေးပွဲကိုဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ စာစစ်ဌာန(၆)ခုတွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကိုကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲ ဖြေဆိုလျက် ရှိကြောင်းသိရသည်။
သံတွဲမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(ကင်းမော်)၊ အ.ထ.က(ငပလီ)၊ အ.ထ.က(ခွဲ) လင်းသာ၊ အ.ထ.က(ခွဲ)မြို့မတို့တွင် ရူပဗေဒဘာသာရပ် ဖြေဆိုရန် စာရင်းစာရင်းသွင်းထားသူ (၇၉၄)ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ(၇၇၉)ဦးရှိပြီး ပျက်ကွက်သူ (၁၅)ဦးရှိသဖြင့် ၉၈.၁၁ % ဖြေဆိုကြောင်းနှင့် သမိုင်းဘာသာရပ်ကို ဖြေဆိုရန် စာရင်းစာရင်းသွင်းထားသူ (၃၃၁)ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ(၃၁၄)ဦးရှိပြီး ပျက်ကွက်သူ (၁၇)ဦးရှိသဖြင့် ၉၄.၈၆% ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရှိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကိုကျောင်းသား၊ကျောင်းသူများ အေးချမ်းသာယာစွာ ဖြေဆိုနိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေစေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများပူးပေါင်း၍ စာစစ်ဌာန အသီးသီး၌ လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)