ငါန်းဇွန် မတ် ၁၆
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုလျက်ရှိသော ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး ယမန်နေ့နံနက် ၉ နာရီခွဲခန့်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုအားပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သက်သက်မော်နှင့် တာဝန်ရှိသူများက ကျောင်းသား/သူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲအေးချမ်းစွာ ဖြေဆိုနေကြသည့် စာဖြေခန်းများသို့ သွားရောက်ကြည့်ရှု အားပေးကြပြီး စာစစ်ဌာနတွင် တာဝန်ထမ်းဆောင်ကြသည့် ကြီးကြပ်ရေးမှုးများ၊ တာဝန်ရှိသူများ၏ မေးခွန်း/အဖြေလွှာများ လုံခြုံရေးကဏ္ဍအလိုက်ဆောင်ရွက်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ကျောင်းဝင်းအတွင်း/အပြင် မီးဘေး၊ လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ စနစ်တကျဆောင်ရွက်ထားရှိကြောင်း သိရသည်။
ငါန်းဇွန်စာစစ်ဌာန၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဖြေဆိုသူ ကျောင်းသား/သူ စာရင်းရှိ ၁၅၁ ဦး၊ ဖြေဆိုသူ ၁၄၈ ဦး၊ ပျက်ကွက် ၃ ဦးဖြစ်ပြီး ဖြေဆိုသူရာခိုင်နှုန်း (၉၈.၀၁%)၊ သမိုင်းဘာသာ ဖြေဆိုသူ ကျောင်းသား/သူ စာရင်းရှိ ၁၂ ဦး၊ ဖြေဆိုသူ ၁၂ ဦး၊ ဖြေဆိုသူရာခိုင်နှုန်း(၁၀၀%) ရှိကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)