ရန်ကုန် မတ်လ ၁၇
ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်ဆီဂျင်အသုံးပြုရန် လိုအပ်သည့်လူနာများ အလွယ်တကူရရှိစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီက ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များမှတဆင့် အခမဲ့ဖြန့်ဝေမည့် အောက်ဆီဂျင်စက်ရုံ (Oxygen Plant) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးဝန်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံရှေ့တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပိုင်းအလုပ်အမှုဆောင် ဦးကျော်မိုးကြည်က အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးကျော်မြင့်အောင်က Oxygen Plant အတွက် လစဥ်စက်သုံးဆီအလှူရှင် DENKO Trading Co. Ltd မှ The Board of Director ဦးကိုကိုကျော်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။
ယင်းနောက် Oxygen Plant ကိုဖွင့်ပွဲကို ဆက်လက်ကျင်းပရာ အချိန်ပိုင်းအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် စက်သုံးဆီအလှူရှင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး Oxygen Plant ကိုတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက စက်ခလုပ်နှိပ်၍ စက်ကိုစတင်လည်ပတ်ခဲ့သည်။
အခမ်းအနားသို့ အသင်းအချိန်ပိုင်းအလုပ်အမှုဆောင် ဦးကျော်မိုးကြည်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေး၊ ဒုတိယဥက္ကဋ္ဌ ဦးတင်မောင်နှင့် ကော်မတီဝင်များ၊ အသင်းဌာနချုပ်မှ တာဝန်ရှိသူများ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနသည် ကိုဗစ်- ၁၉ရောဂါ ဖြစ်ပွားခဲ့သည့် ကာလများတွင် ပြည်သူလူထုအတွက် အရေးပေါ်လိုအပ်သော အောက်ဆီဂျင်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် POSCO International Co,Ltd မှ လှူဒါန်းသော အမေရိကန်ဒေါ်လာ (၈၅,၀၀၀) တန်ဖိုးရှိ အောက်ဆီဂျင်စက်ရုံ (Oxygen Plant) များကို တိုင်းဒေသကြီး/ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီများသို့ ဆက်လက်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ယခုကာလတွင်လည်း အခြားအရေးပေါ်လိုအပ်သည့် လူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်ရည်ရွယ်ကာ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)