ချမ်းအေးသာစံ မတ် ၁၇
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်ရှိ မန္တလေးနည်းပညာတက္ကသိုလ် (MTU) တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးကြသည်။
အဆိုပါနေရာများသို့ ရောက်ရှိစဉ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ချုံနွယ်၊ ပေါင်းမြက်များ၊ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းနေမှု၊ ရေစီးရေလာ ကောင်းမွန်စေရေး အမှိုက်သရိုက်မြောင်းစာများ ဆယ်ယူရှင်းလင်းနေမှုများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် စက်ယန္တရားတို့ဖြင့် တက်ညီလက်ညီ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုူအားပေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်ပေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ၊ ဆေးရုံများ၊ အခြေခံပညာစာသင်ကျောင်းများ၊ တက္ကသိုလ်များ၌ သန့်ရှင်းသာယာ လှပရေးတို့အတွက် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်