မြစ်ကြီးနား မတ် ၁၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်/ ခရိုင်/ မြို့နယ် အရာထမ်း/ အမှုထမ်း ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို မတ် ၁၆ ရက် နံနက် ၉ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဥပဒေချုပ်ရုံး ညွှန်ကြားရေးမှူး ဦးကပ်တလွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေပါအချက်များနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သည်များကိုလည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးစံဖေက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အချက်အလက်များနှင့် ရည်ရွယ်ချက်များကိုလည်းကောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက ရှင်းလင်းဆွေးနွေးခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းဥပဒေပါအချက်များနှင့်စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးမှုများအပေါ် ဖြည့်စွက်သုံးသပ်ရှင်းလင်းကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း/ အမှုထမ်းများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် ရည်ရွယ်ချက်၊ ဥပဒေပါအချက်များထဲမှ သိသင့်သိထိုက်သည်များ၊ အလေးထားမှတ်သားသင့်သည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရခြင်း၏ အဓိပ္ပါယ်များနှင့် သတင်းမှားများထုတ်လွှင့်မှုအား သတင်းမှန်သိရှိစေရန် အချက်များပါဝင်သည့် ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများ အသိပညာပေး လက်ကမ်းစာစောင်များကို လည်း ဖြန့်ဝေခဲ့ကြသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအတွင်း မိုင်းနား KBC အသင်းတော်ဝင်းအတွင်းရှိ ယာယီနေရပ်စွန့်ခွာစခန်း၌ လတ်တလောနယ်မြေအခြေအနေများအရ မြို့နယ်အတွင်းရှိ အောင်မြင် (၁)၊ (၂)၊ ရွှေညောင်ပင်၊ ကဇူး၊ ဒဘတ်ယန်၊ ဂါးရာယန်ကျေးရွာများမှ ယာယီနေရပ်စွန့်ခွာလာသော မိသားစုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့သည်။
ထိုသို့ တွေ့ဆုံအားပေးထောက်ပံ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လတ်တလော နယ်မြေအခြေအနေအရ နေရပ်ကျေးရွာများကို ယာယီစွန့်ခွာလာကြသည့် မိသားစုများအား စိတ်ဓာတ် ခွန်အားရရှိစေရေး လာရောက်အားပေးခြင်းဖြစ်သည့်အပြင် လတ်တလော နေထိုင်စားသောက်မှု အဆင်ပြေစေရေး မိမိတို့တတ်နိုင်သည့်ဘက်မှ ထောက်ပံ့ပေးသွားမည်ဖြစ်သည့်အပြင် အခက်အခဲ၊ လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ရေး လာရောက်တွေ့ဆုံအားပေးခြင်းလည်း ဖြစ်ကြောင်း အားပေးပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မိုင်းနား KBC Camp နှင့် မှန်ပြစံပြရွာ၊ မိုင်းနားနယ်မြေ (၆) တို့တွင် လာရောက်နေထိုင်လျက်ရှိသော အိမ်ထောင်စု စုစုပေါင်း (၂၈၆)စု၊ လူဦးရေ (၁၄၂၁)ဦးတို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က အိမ်ထောင်စု (၁)စုလျှင် ဆန် (၆)ပြည်နှုန်းဖြင့် စုစုပေါင်းဆန်အိတ် (၇၁)အိတ်ခွဲ၊ ခေါက်ဆွဲခြောက်ဖာ (၂၈၆) ဖာတို့နှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစီးဦးစီးဌာနက အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ (၁)လစာဖိုးငွေ ကျပ် (၇၆၄၁၀၀၀)နှင့် ကာပေါ်လစ်ဆပ်ပြာထောင့်များ၊ စုစုပေါင်းငွေသားနှင့် ပစ္စည်းတန်ဖိုး ငွေကျပ် (၁၉၇၂၁၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ယာယီတေနရပ်စွန့်ခွာသူပြည်သူများက လတ်တလော နေထိုင်စားသောက်ရာတွင် လိုအပ်ချက်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်ကိစ္စရပ်များနှင့် လိုအပ်ချက်၊ အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က Camp များတွင် နေထိုင်စဉ်ကာလအတွင်း အဝတ်အစားလိုအပ်ချက်၊ ရိက္ခာများ အလုံအလောက် ပံ့ပိုးကူညီပေးနိုင်ရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်