ဒလမြို့နယ်၌ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ရန်ကုန် နိုဝင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့်  အသက်(၆၀)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင်  ဆန္ဒမဲပေးသူများ အဆင်ပြေစေရေး၊ မှန်ကန်မှု ရှိစေရေးနှင့် လုံခြုံမှုရှိစေရေးအတွက်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲ အချိန်က မြို့နယ်သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးသိန်း က “ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာများမှာ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ များရှိ တာဝန်ရှိသူများနှင့် မဲရုံမှူး၊ ဒုတိယမဲရုံးမှူးများအား ကြီးကြပ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက်  ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစီးအရာရှိ ဒေါ်ခိုင်နွယ်ဝင်း က ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက  ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသီးသီး ဆွေးနွေး ခဲ့ကြသည်။

ဒလမြို့နယ်၌ ရပ်ကွက် ၂၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၅၄ ရွာ၌ မဲရုံပေါင်း ၁၈၂ ရုံဖွင့်လှစ်ထားမည်ဖြစ်ပြီး အသက်(၁၈)နှစ်အထက် ဆန္ဒမဲပေးခွင့်ရှိသူစုစုပေါင်း ၁၂၇၉၄၈ ဦးရှိကာ၊ အဆိုပါ ဆန္ဒမဲပေးခွင့်ရှိသူများမှ အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၏ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၁၄၉၄၈ ဦးရှိရာ၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကြိုတင်ဆန္ဒမဲပေးသူ ၄၃၅၀ ဦး၊  ၃၀ ရက်နေ့တွင် ကြိုတင် ဆန္ဒမဲပေးသူ ၃၀၈၀ ဦး၊ ၃၁ ရက်နေ့တွင် ကြိုတင်ဆန္ဒမဲပေးသူ  ၁၄၆၄  ဦး၊  နိုဝင်ဘာလ ၁ ရက်နေ့တွင်   ကြိုတင် ဆန္ဒမဲပေးသူ   ၁၇၁၅  ဦး၊   ၂ ရက်နေ့တွင် ကြိုတင်ဆန္ဒမဲပေးသူ ၇၅၈  ဦး၊  ၃ ရက်နေ့တွင်   ကြိုတင်ဆန္ဒမဲပေးသူ  ၁၀၀ ဦး၊  စုစုပေါင်း ကြိုတင်ဆန္ဒမဲပေးပြီးသူ ၁၁၄၆၇  ဦးရှိပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

နိုင်လင်းကျော်(ဒလ)