စဉ့်ကိုင် မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လူကုန်ကူးမှု အန္တရာယ်တားဆီးနှိမ်နင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေး ဦးဗိုလ်အောင်မောင်မောင်က အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်ဒေသကြီး လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှုး အမှတ် (၁၁) လူကုန်ကူးမှုအန္တရာယ် တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှုး ရဲမှူးခင်မောင်သိန်းမှ လူကုန်ကူးမှုအန္တရာယ် တားဆီးနှိမ်နင်းရေးဆိုင်ရာများနှင့် ပတ်သက်၍ ရှောင်ရန်ဆောင်ရန်များ၊ ခေါင်းပုံဖြတ်ခံရမှုများ၊ ပြစ်မှုပြစ်ဒဏ်များ၊ တိုင်ကြားနိုင်ရန် အရေးပေါ်ဖုန်းနံပါတ်များ၊ ဥပဒေပုဒ်မများအကြောင်း စသည့်အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ရဲမှူးခင်မောင်သိန်းက တက်ရောက်လာသော ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်း၍ ၎င်းတို့ လုပ်ဆောင်ရမည့် လုပ်ငန်း တာဝန်များကို (Power Point) ဖြင့် အသေးစိတ်ချပြရှင်းလင်းခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်ခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်းဖြေကြားခဲ့ကြသည်။
ထို့နောက် အမှတ်(၁၁) လူကုန်ကူးမှုအန္တရာယ်တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ စဉ့်ကိုင်မြို့နယ် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေး ဦးဗိုလ်အောင်မောင်မောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး စောအောင်မျိုး၊ မန္တလေးတိုင်ဒေသကြီး လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှုး အမှတ် (၁၁) လူကုန်ကူးမှု အန္တရာယ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှုး ရဲမှူးခင်မောင်သိန်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဝန်ထမ်းများ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်းလူဦးရေ (၁၀၈)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ကျော်စွာ(စဉ့်ကိုင်)