ကျောက်ဆည်မြို့နယ်တွင် ဘောင်စနစ်ဖြင့် နွေးနှမ်းစိုက်ပျိုးနေမှုအား  အမရပူရမြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်များမှ နှမ်းစိုက်တောင်သူများ လာရောက်လေ့လာ

ကျောက်ဆည်   မတ်  ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ရေသွင်းရေထုတ်လွယ်ကူပြီး အထွက်နှုန်းကောင်းမွန်သေချာသည့် ဘောင်စနစ်ဖြင့် နွေနှမ်းစိုက်ပျိုးလျက်ရှိသော ရဲကြီးကျေးရွာ ကွင်းအမှတ် (၂၃၉)၊ ဦးပိုင်အမှတ် ၉-က၊ခွဲ-၆ တောင်သူ ဦးသန့်ဇင်ထွန်း၏ နွေနှမ်းစိုက်ပျိုးနေမှုများအား ယမန်နေ့နံနက် (၁၀)နာရီက ကျောက်ဆည်ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၏ ဦးဆောင်မှုဖြင့် အမရပူရမြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်များမှ စိုက်ပျိုးရေးဝန်ထမ်းများနှင့်နွေးနှမ်းစိုက်တောင်သူများ  လာရောက်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

ဘောင်ကြီးတင်စနစ်ဖြင့် နွေနှမ်းများစိုက်ပျိုးရာတွင် ဦးစွာမြေကိုစိတ်ကြိုက်ပြုပြင်ပြီးရေသွင်း ရေထုတ် လွယ်ကူစေရန်အတွက် (၃)ပေအကျယ်၊ (၁၅)ပေအရှည် မြေဘောင်များပြုလုပ်ပြီး နှမ်းမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးကြောင်း၊ နှမ်းမျိုးစေ့ခကိရိယာဖြင့် စိုက်ပျိုးခြင်းဖြင့် နှမ်းပင်များပေါက်ရောက်ရာတွင် အကွာအဝေး တူညီပြီး လေဝင်လေထွက်ကောင်းမွန်ကြောင်း၊ ရေလိုအပ်သည့်အချိန်တွင် ရေသွင်းရေထုတ် လွယ်ကူပြီး သွင်းအားစုများ ထည့်သွင်းရာတွင် ပိုမိုထိရောက်သဖြင့် နှမ်းပင်သေပျောက်မှုမရှိ အထွက်နှုန်းသေချာကြောင်းနှင့် မျိုးစေ့ကုန်ကျမှုအနေဖြင့် တစ်ဧက နို့ဆီဗူး(၂)ဗူး ကုန်ကျကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ဘောင်စနစ်ဖြင့် နွေးနှမ်းများကို ပန်းခွာ၊ ပေးတောကြီး၊ ရန်ဘက်လို၊ ဘုံကွင်း၊ ဒါန်းတိုင်၊ စပယ်တော ကျေးရွာအုပ်စုများတွင် အများဆုံးစိုက်ပျိုးကြကြောင်းနှင့် ကျောက်ဆည်ခရိုင်အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေနှမ်း(၈၄၈၉၉)ဧက လျာထားစိုက်ပျိုးလျက် ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သက်မောက်(ကျောက်ဆည်)