ဖယ်ခုံ နို၀င်ဘာ ၄
၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းများနှင့် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ကွင်းဆင်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်သန်းတို့မှ မြို့ပေါ်ရပ်ကွက်များရှိ မဲရုံများနှင့် မိုးဗြဲကျေးရွာအုပ်စုရှိမဲရုံများ ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာ၀န်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့သည်။
ထို့နောက် မိုးဗြဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံတွင် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ မိုးဗြဲကျေးရွာအုပ်စုတွင် မဲရုံပေါင်း ၂၅ ရုံ ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၈၈၇၁ ဦးရှိကြောင်း သိရှိရသည်။
ဖယ်ခုံမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၂ အုပ်စုရှိပြီး အထွေထွေရွေးကောက်ပွဲကျင်းပရန်အတွက် မဲရုံပေါင်း ၁၁၀ ရုံရှိပြီး နောက်ဆုံးအကြိမ်စာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၆၇၇၃ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌထံမှ သိရှိရသည်။
မောင်မောင်ထွေး(ပြန်/ဆက်)