အမရပူရ မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံမှ ဝါစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် ရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်လတ်က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ဝါစိုက်တောင်သူများက ချည်မျှင်ရှည်ဝါစိုက်ပျိုးမှု အခက်အခဲများနှင့် မျိုးကောင်းမျိုးသန့်ရရှိရေးတို့ကို လည်းကောင်း၊ ၂/၈၀ ချည်မျှင်ထုတ်လုပ်သူများက အရည်သွေးကောင်းသောဝါများ ရရှိရေးအတွက်ကိုလည်းကောင်း၊ ရက်ကန်းရက်လုပ်သူများအသင်းက လက်ရှိရက်ကန်း ရက်လုပ်ရန် ၂/၈၀ ချည် အလွယ်တကူဝယ်ယူရရှိနိုင်ရေး ဆက်သွယ်ဆောင်ရွက်ပေးနိုင်ရန်တို့ကိုလည်းကောင်း အသီးသီး ဆွေးနွေးတင်ပြကြရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်လတ်က ဆောင်ရွက်ပေးမည့်အခြေအနေများကို ပြန်လည်ဆွေးနွေးခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မျိုးကောင်းမျိုးသန့် ဝါစေ့ရရှိရေး၊ အရည်သွေးမီ ချည်မျှင်ထွက်ရှိရေးနှင့် လိုအပ်သောချည်များ အလွယ်တကူ ဝယ်ယူရရှိရေးတို့ကို အထွေထွေဆွေးနွေးခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးမှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)