မိတ္ထီလာ မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)ရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ် ဆရာမ ဒေါ်ခင်စန်းတင်က အဖွင့်အမှာစကားပြောကြားရာတွင် ဒေသခံပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ရက်ကန်းပညာအခြေခံသင်တန်းနှင့် အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်း နှစ်မျိုးကို ဖွင့်လှစ်လျက်ရှိရာ ရက်ကန်းအခြေခံ ပညာသင်တန်းမှာဆိုရင် ချည်မျှင်နှင့်အထည်လိပ်ကျွမ်းကျင် သင်တန်း၊ စက်ရက်ကန်းသင်တန်းများကို ဖွင့်လှစ်လျက်ရှိပြီး အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်းတွင် စက်ချုပ်နည်းပညာသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ စားသောက်ကုန် ထုတ်လုပ်မှုသင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင်နည်းသင်တန်း၊ အခြေခံလျှပ်စစ်သံဂဟေဆက်သင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ ယခုဖွင့်လှစ်သင်ကြားမည့် အဆင့်မြင့်စက်ချုပ်သင်တန်းကို ဒေသခံပြည်သူများ စက်ချုပ်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေရန်၊ ခေတ်မီဆန်းသစ်သော အဝတ်အထည်များ ချုပ်လုပ်နိုင်ရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ပြီး မိသားစုဝင်ငွေ တိုးပွားလာစေရန် အခမဲ့ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် ကျောင်းအုပ်ဆရာမ ဒေါ်ခင်စန်းတင်နှင့် သင်တန်းနည်းပြများက သင်တန်းသား သင်တန်းများနှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါ အဆင့်မြင့်စက်ချုပ်သင်တန်းကို အခြေခံစက်ချုပ်သင်တန်းဆင်းများနှင့် စက်ချုပ်ပညာရပ် ကို အခြေခံအဆင့် တက်မြောက်ထားသူ ၁၀ ဦးအား မတ်လ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်အထိ ရင်ဖုံးအင်္ကျီ၊ ရင်ခံ အင်္ကျီ၊ မြန်မာပွဲတက်ဝတ်စုံ၊ လုံချည်စကတ်တို့ကို စာတွေ့လက်တွေ့ အခမဲ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)