ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေ၊ ကဗျာရေးသားနည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပြင်ဦးလွင် မတ် ၁၄

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ စာပေ၊ကဗျာရေးသားနည်း သင်တန်းကို မတ်လ (၈) ရက်နေ့မှ မတ်လ (၁၃) ရက်နေ့အထိဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး စာရေးဆရာကိုရွှေအောင်သင်းက ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ကြသော ၀တ္ထုတို/ ကဗျာ/ ဆောင်းပါးများအပေါ် သုံးသပ်ပြောကြားသည်။ ထို့နောက် ဆရာဟိန်းစိုးလတ် (ဂုဏ်ထူးမြန်မာစာ)နှင့် ဆရာဦးအောင်သူတို့က စာစီစာကုံးရေးသားယှဉ်ပြိုင်ခဲ့မှုများအပေါ် သုံးသပ်ပြောကြားခဲ့သည်။

ထို့နောက် စာပေ၊ ကဗျာရေးသား နည်းသင်တန်းတွင် သင်တန်းနည်းပြများအဖြစ် ပံ့ပိုးကူညီပေးကြသော ဆရာများနှင့် စာရေးကိရိယာအလှူရှင်များအား ကျေးဇူးတင် ဂုဏ်ပြုလက်မှတ်များ‌‌ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ပြိုင်ပွဲတွင်ဆုရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက  ဂုဏ်ပြုဆုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

ဆက်လက်၍ သင်တန်းသား/သင်တန်းသူများ၏ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းသည်။

အဆိုပါ စာပေ/ကဗျာရေးသားနည်းသင်တန်းကို မတ်လ(၈)ရက်မှ(၁၃) ရက်နေ့အထိ နံနက်၉ နာရီမှ ညနေ ၃ နာရီအထိ သင်တန်းကြေးအခမဲ့ဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို/ဝတ္ထုရှည်၊ စာစီစာကုံးနှင့် အခြားသော သိမှတ်ဖွယ်ရာများကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သွေးသွေး ခရိုင်(ပြန်/ဆက်)